စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးလျက်ရှိ
စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးလျက်ရှိ
Ministry of Information/ Naypyitaw / March 05, 2026
နေပြည်တော် မတ် ၅
စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရေးအစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက်ရက်(၄၀)ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝှမ်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါရှိ Terminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်းဆိုင်များကိုလည်း Urgent Po များကိုလည်း ထပ်မံခွင့်ပြုထုတ်ပေးလျက်ရှိပါသဖြင့် စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ပါကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံပါကြောင်း၊ စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် ရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပါက အရောင်းဆိုင်အား ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ပါကြောင်းအား တာဝန်ရှိသူများမှ မိဘပြည်သူများသို့ စက်သုံးဆီအရောင်းဆိုင်များတွင် နှိုးဆော်အသိပေးဆောင်ရွက်လျက်ရှိပါသည်။
စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ အမှန်တကယ်ရောက်ရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီ ထပ်မံဖြည့်ဆည်းပေးရန်လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း အမြန်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေးအရာရှိများမှလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီရောက်ရှိမှု ရှိ/မရှိတို့အား စက်သုံးဆီလက်ကျန်များ တိုင်းတာစစ်ဆေးခြင်း၊ Auto Tank Gauge (ATG)များအား စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီများ အချိန်မီထုတ်ယူ သယ်ဆောင်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
