စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / September 18, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မန္တလေး-ရွှေဘို-မုံရွာကားလမ်းမပေါ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးမြို့မှ မုံရွာမြို့ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကွေ့ကြီးရပ်ကွက်နေ ထွန်းအောင်(၄၇)နှစ် မောင်းနှင်သော YGN-10/2K-XXXX HONDA FIT အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်ကိုင်းမြို့မရဲစခန်း (ပ)၈၀/၂၀၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း။
အလားတူ ညနေ ၅ နာရီ ၅၀ မိနစ်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား၌ အမှတ်(၇၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မဲဆောက်မြို့မှ မြဝတီမြို့ ဘက်သို့ မြဝတီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ လှဌေး(၃၂)နှစ် မောင်းနှင်လာသော YGN-24/3P-XXXX HONDA FIT SHUTTLE အနက်ရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လှဌေး အား မြဝတီမြို့မရဲစခန်း (ပ)၂၂၁/၂၀၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
