စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ပညာရှင်တို့၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံများ

စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ပညာရှင်တို့၏ မြန်မာ့နှစ်သစ်ကူး ဆုတောင်းစကားသံများ


Ministry of Information/ Naypyitaw / April 17, 2024
image_latest


ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ-ကနူး

၁၃၈၆ ခုနှစ် မြန်မာ့နှစ်သစ်ကူးတွင် မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ကင်းကာ သုခချမ်းသာပြီး ငြိမ်းချမ်းသာယာပါစေကြောင်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ပညာရှင်များ၏ နှစ်သစ်ဆုတောင်းစကားသံများကို ဖော်ပြအပ်ပါသည် -

တက္ကသိုလ်မြတ်သူ

‘နိုင်ငံကြော့ပြည်သူမှာ ပန်ဆုယူ အတာသွန်းချိန်မို့’ဆိုပြီး ရှေးစာဆိုတွေ စပ်ဆိုထားတာ ရှိပါတယ်။ သယံဇာတပေါများတဲ့ မြန်မာနိုင်ငံကြီးဟာ ကြော့ကြော့မော့မော့ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာ ရှိနေကြမယ်ဆိုရင် အာရှတိုက်မှာ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာမှာပါ။ အာရှကျားလို့ဆိုကြတဲ့ လေးတောင်၊ ငါးတောင်ကျားလိုမျိုးမဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ ကြော့ကြော့မော့မော့ရှိနေတဲ့ ကိုးတောင်ပြည့်ကျား ဖြစ်လာနိုင်ပါတယ်။ ရှေးစာဆိုနဲ့အညီ မိမိနိုင်ငံ ကြော့မော့ ဖွံ့ဖြိုးတိုးတက်နေအောင် ဒီအချိန်မှာ ညီညွတ်တဲ့စိတ်ဓာတ်၊ မိမိတိုင်းပြည်ကို တန်ဖိုးထားတဲ့စိတ်ဓာတ် ရှိကြရပါမယ်။ ဇာတိ ပုည ဂုဏ်မာနဆိုတဲ့ စကားအတိုင်း နှစ်သန်းပေါင်း ၄၀ ပုံတောင် ပုံညာရှိကတည်းက လူနဲ့တူတဲ့သက်ရှိတွေ မြန်မာနိုင်ငံမှာ ပေါ်နေပါပြီ။ ကမ္ဘာ့လူသားအစ မြန်မာကလို့ပြောတယ်။ ကျောက်ခေတ်ယဉ်ကျေးမှုလက်ရာတွေ ထွန်းကားတဲ့ ရွာငံမြို့နယ်က ပြဒါးလင်းဂူကို ကြည့်မယ်ဆိုရင် ကျောက်ခေတ်ယဉ်ကျေးမှုတွေကို တွေ့ရမှာပါ။ ဒါဟာ သမိုင်းသက်သေတစ်ခုပါ။ ဒါကြောင့် မြန်မာ့အတိတ်သမိုင်းဟာ ဂုဏ်ယူစရာပါ။

ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးဖြစ်အောင်၊ ကြော့မော့နေတဲ့ နိုင်ငံတစ်ခုဖြစ်အောင် အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြဖို့လိုပါတယ်။ ‘ပန်ဆုယူအတာ သွန်းချိန်မို့’ ရှေးစကားနဲ့အညီ တိုင်းပြည်ညီညွတ်ပါစေ၊ ငြိမ်းချမ်းပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ဘာသာသာသနာလည်း ထွန်းကားပါစေဆိုတဲ့ ဆုတောင်းစိတ်နဲ့ နှစ်သစ်ကိုပန်ဆုယူပြီး ကြိုကြပါလို့ ပြည်ထောင်စုဖွားတိုင်းရင်းသားများကို မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူပြည်သားအပေါင်း ဘေးကင်းရန်ကင်း သုခချမ်းသာပြီး ငြိမ်းချမ်းသာယာပါစေကြောင်း နှစ်သစ်ဆုတောင်းစကား ပို့သလိုက်ပါတယ်။

ဒါရိုက်တာကြည်စိုးထွန်း

(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)

မြန်မာ့နှစ်ဟောင်းကုန်လို့ နှစ်သစ်အချိန်အခါကို ကူးပြောင်းချိန်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမအ‌ပေါင်း နှစ်သစ်ကူးအတာသင်္ကြန်ကာလမှာ စိတ်သစ်၊ လူသစ်ညီညွတ်စွာနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ပြည်သူပြည်သားများဟာ ရုပ်ရှင်လောကသားများ မီခိုအားထားရာ ကျေးဇူးရှင်များလည်း ဖြစ်ပါတယ်။ ရေမြင့်မှ ကြာတင့်သလို ရုပ်ရှင်ကြည့်ပရိသတ်များ ရွှင်လန်းမှ ကျွန်တော်တို့လည်း စိတ်ရွှင်လန်းကြမှာပါ။ ဒါကြောင့် ရေလိုအေးပြီး ပန်းလိုမွှေးကြပါစေ။ မြန်မာနိုင်ငံ တော်ကြီးလည်း ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာပို့သပါတယ်။

ပန်းချီစိုးမိုး(ရုပ်ရှင်ဒါရိုက်တာ)

မြန်မာ့နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ အတာပွဲတော်နဲ့အတူ စိတ်သစ်ကိုယ်သစ်နဲ့ နိုင်ငံအကျိုး၊ သာသနာ့အကျိုး၊ အများပြည်သူအကျိုး ဆောင်ရွက်နိုင်ကြပါစေ။ တိုင်းရင်းသားလူမျိုးစုအပေါင်း တစ်မိဝမ်းတွင်းမှ သက်ဆင်းသည့် ညီရင်းအစ်ကိုပမာ ဆတက်တိုးချစ်ခင်ညီညွတ်ကြပြီး မြန်မာနိုင်ငံကြီး ကမ္ဘာ့အလယ်မှာ တင့်တယ်ဝင့်ကြွားနိုင်ပါစေ။ ကမ္ဘာကြီးလည်း အေးချမ်းသာယာပြီး မြန်မာနိုင်ငံလည်း အေးချမ်းသာယာပါစေကြောင်း နှစ်သစ်မင်္ဂလာမှာ ဆုတောင်းမေတ္တာပို့သပါတယ်။

ဦးလွင်မြင့်

(မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ)

ယခုလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့အချိန်အခါ ပိတောက်ပန်းတွေဝေချိန်မှာ ပြည်ထောင်စုဖွားတိုင်းရင်းသားများ အထွတ်အမြတ်ထားရာ အတာရေပက်ဖျန်းတဲ့ သင်္ကြန်ပွဲတော်အခါသမယလည်းဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ဘေးရန်ကင်းပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ အားလုံးကိုယ်စီကိုယ်ငှ ပြည့်ဝကြပါစေ။ ကျွန်တော်တို့နိုင်ငံမှာ ပိတောက်ပန်း၊ ငုပန်းတွေဝေပြီး သင်းကြိုင်နေတဲ့အခါသမယမှာ နိုင်ငံသူနိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး ချစ်ခြင်း မေတ္တာပန်းရနံ့များ သင်းကြိုင်မွှေးပျံ့တဲ့ အချိန်အခါကို ရောက်ရှိကြပါစေ။ သင်္ကြန် အတာရေပက်ဖျန်းချိန်မှာ တိုင်းရင်းသားအားလုံး အေးချမ်းသာယာစွာ အတူလက်တွဲနေထိုင်နိုင်ကြပါစေ။ သင်္ကြန်သီချင်းများ ပျံ့လွင့်နေချိန်မှာလည်း ငြိမ်းချမ်းရေးတေးသံများ ကျွန်တော်တို့နိုင်ငံမှာ လွင့်ပျံ့ပြီး ငြိမ်းချမ်းသာယာသော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့ တည်ရှိပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

ဦးအောင်တင်ဝင်း (မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နာယက)

ပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာလန်းဖြာကြပါစေ။ အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းမှ တိုင်းပြည်သာယာမှာပါ။ တိုင်းပြည်အေးချမ်းသာယာပြီး ကိုယ်လည်း ကျန်းမာစိတ်ချမ်းသာဘယာကင်းပ လိုတိုင်းရ သုခချမ်းသာအဖြာဖြာနဲ့ ပြည်သူပြည်သားအပေါင်း ပြည့်စုံကြပါစေလို့ အမြဲဆုမွန်ကောင်းပို့သလျက်ပါ။ သဘင်လောကသားအ‌ပေါင်းနဲ့ အနုပညာရှင်များအားလုံးလည်း ကျန်းမာချမ်းသာလန်းဖြာပြီး အားလုံးအဆင်ပြေကြပါစေလို့ နှစ်သစ်မင်္ဂလာဆုတောင်းလွှာ ပို့သ လိုက်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း

ပြည်သူပြည်သားအပေါင်း အေးချမ်းသာယာကြပါစေ။ စီးပွားရေးလုပ်ငန်းများလည်း အောင်မြင်ကြပါစေ။ အခက်အခဲဟူသမျှ ကျော်လွှားနိုင်ကြပါစေ။ ရုပ်ရှင် လောကသားများလည်း ဇာတ်လမ်းများများ ရိုက်ကူးနိုင်ကြပြီး အနုပညာလောကမှာ ထာဝရရပ်တည်နိုင်ကြပါစေ။ နှစ်သစ်မှာ လူသစ်၊ စိတ်သစ်၊ နှလုံးသားအသစ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ။ အနုပညာဟာ တိုင်းပြည်အတွက်ပဲ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် လုပ်ဆောင်လာတာ ၈၅ နှစ်ထဲ ရောက်နေပါပြီ။ ပြည်သူ ပြည်သားအပေါင်းလည်း သက်ရှည်ကျန်းမာ ဘေးကင်းရန်ကင်းပြီး ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်ကြပါစေ။

ရုပ်ရှင်သရုပ်ဆောင်ဒေါ်ပုလဲ

ပြည်သူပြည်သားအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ။ အနုပညာရှင်လောကသားအားလုံး ချမ်းမြေ့ကြပါစေ။ မြန်မာပြည်သူ ပြည်သားများ အေးချမ်းကြပါစေ။ ဦးဝင်းဦးနဲ့ ဇာတ်ကား ရှစ်ကားမှာ ခုနစ်ကားရိုက်ခဲ့ရတယ်။ ၁၉၇၅ ခုနှစ်မှာ သင်္ကြန်ဇာတ်ကားဖြစ်တဲ့ ချစ်သူကြင်သူမြတ်နိုးသူဇာတ်ကား ကို ပထမဆုံးရိုက်ခဲ့ရတယ်။ မကြာခင်က ရုပ်သံမှာပြသွားတော့ သင်္ကြန်ရောက်ချိန်ဆိုရင် ပိုပြီးသတိရမိပါတယ်။ ဒီနှစ်သစ်ကူးမှာ မြန်မာပြည်ကြီး သင်္ကြန်ရေလိုအေးချမ်းပြီး စီးပွားရေးလာဘ်လာဘများတိုးတက်ပါစေ၊ ငြိမ်းချမ်းသာယာပါစေ၊ ဦးညွန့်ဝင်း သီချင်းထဲကလို ပြည်သူပြည်သားအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ နှစ်သစ် ဆုတောင်းစကား ပို့သလိုက်ပါတယ်။

အကယ်ဒမီ ရန်အောင်

မြန်မာသက္ကရာဇ် ၁၃၈၅ ကနေ ၁၃၈၆ ခုနှစ် နှစ်သစ်ဖြစ်ပါတယ်။ ယနေ့ကစပြီးတော့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံ သားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး အနာရောဂါကင်းဝေးကြပါစေ၊ ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ စီးပွားလာဘ်လာဘများလည်း တိုးတက်ပါစေ၊ အနှောင့်အယှက်အန္တရာယ်ကင်းဝေးကြပါစေ၊ ဘေးဥပဒ်အန္တရာယ်ကင်းဝေးပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် မိုးယံဇွန်

မင်္ဂလာပါခင်ဗျာ၊ ကျွန်တော်တို့ရဲ့ မြန်မာသက္ကရာဇ် ၁၃၈၅ ကနေပြီးတော့ ၁၃၈၆ ခုနှစ် နှစ်သစ် ဖြစ်ပါပြီ။ ဒီလိုနေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ခုနစ်ရက်သားသမီးများအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ နောက်ပြီး ပရိသတ်တွေအားလုံးလည်း ပျော်ရွှင်စွာ နှစ်သစ်ကူးကာလကို ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ

မြန်မာ့သင်္ကြန်အပြီး နှစ်ကူးလေးပေါ့နော်။ မြန်မာနှစ်ကူးလေးဖြစ်တဲ့အတွက် အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ တစ်နှစ်ပတ်လုံး စီးပွားတွေ တိုးတက်ကြပါစေ၊ အားလုံးကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။ ပရိသတ်တွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ အဓိက စိတ်ချမ်းသာကြပါစေလို့ ပန်ပန်ဆုတောင်းပေးပါတယ်ရှင်။

HOT NEWS
January 4,