စာရေးသူ Hla Min (Ex-Col) ရေးသားသော The Way I See It : Myanmar And Its Evolving Global Role (1988-2025) စာအုပ် ထုတ်ဝေဖြန့်ချိ
စာရေးသူ Hla Min (Ex-Col) ရေးသားသော The Way I See It : Myanmar And Its Evolving Global Role (1988-2025) စာအုပ် ထုတ်ဝေဖြန့်ချိ
Ministry of Information/ Naypyitaw / May 20, 2025

နေပြည်တော် မေ ၁၉
စာရေးသူ Hla Min (Ex-Col) ရေးသားသော "The Way I See It : Myanmar And Its Evolving Global Role (1988-2025)" စာအုပ်ကို ထုတ်ဝေလိုက်သည်။
ဤစာအုပ်ကို စာရေးသူက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး ၂၀၂၅ ခုနှစ် တွင် (၃၁) ကြိမ်မြောက် ပြင်ဆင်၊ ဖြည့်စွက်ထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်တွင် အခန်းပေါင်း ၄၇ ခန်း ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ လူမျိုးနှင့်ဘာသာရေးမှ အစပြု၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယနေ့ကာလတွင် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ထိုအခြေအနေများအပေါ် စာရေးသူ၏အမြင်များကို ထည့်သွင်းဖော်ပြထားသည့် စာအုပ်ဖြစ်သည်။
နိုင်ငံကို “မြန်မာနိုင်ငံ’’ ဟု တရားဝင်အသိအမှတ်ပြုခေါ်ဆိုနိုင်ရန်အတွက် ခိုင်လုံသည့်အချက်အလက်များ၊ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပပျောက်ရေး ကြိုးပမ်းမှုများ၊ အမျိုးသားရေးပြဿနာတစ်ခုဖြစ်နေသော လူကုန်ကူးမှုတိုက်ဖျက်ခြင်းများ၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းများ၊ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များ၊ စီးပွားရေးပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည့် ပြဿနာများ၊ မြန်မာ့အနောက်ဘက်နယ်စပ်မှ တရားမဝင် ရောက်လာသော ဘင်္ဂါလီများနှင့် ရခိုင်လူမျိုးတို့အကြား ပဋိပက္ခများနှင့် တင်းမာမှုများ၊ ‘‘ရိုဟင်ဂျာ” ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်အစစ်အမှန်၊ ရိုဟင်ဂျာပြဿနာသည် လူမျိုးစုအရေးလား၊ ပထဝီနိုင်ငံရေးကစားကွက်လား၊ တရားမဝင် ဝင်ရောက်လာသူများကို နိုင်ငံသား (သို့မဟုတ်) တိုင်းရင်းသားအဆင့် အသိ အမှတ်ပြုပေးရန် မြန်မာနိုင်ငံကို ဖိအားပေးခြင်း၊ ပြဿနာကို US နှင့် UK တို့က ၎င်းတို့၏ မဟာဗျူဟာရည်မှန်းချက်အတွက် အမြတ်ထုတ်နေခြင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော ပဋိပက္ခများနောက်ကွယ်တွင် မည်သူရှိနေသနည်းစသည့် အကြောင်းရပ်များကို ဖြစ်ရပ်မှန်များ၊ ခိုင်လုံသည့် အချက်အလက်များဖြင့် ရေးသားထားသည်။
ယနေ့ နိုင်ငံသားများနှင့် လူငယ်များ သိရှိထားသင့်သည့် ဖြစ်ရပ်မှန်များပါဝင်ပြီး မြန်မာနိုင်ငံတွင် လက်ရှိတိုးတက်ဖြစ်ပေါ်နေမှုများနှင့် ရင်ဆိုင်နေရသည့် ပြဿနာများကို မတူညီသောရှုထောင့်မှ စာဖတ်သူအနေဖြင့် ရှုမြင်နိုင်ပြီး ပကတိအတိုင်း အရှိတရားများကို လွတ်လပ်စွာ ကိုယ်တိုင်အကဲဖြတ် နိုင်ကာ၊ ပြည်တွင်းပြည်ပမှ လိုရာဆွဲရေးသားပြောဆိုလွှမ်းမိုးမှုကို ကျော်လွှားနိုင်ရန် စာရေးသူက ရည်ရွယ်ရေးသားထားခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေးကို လေ့လာလိုသူများ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် နိုင်ငံရေးစာပေကို ဖတ်ရှုလိုသူ လူငယ်စာဖတ်ပရိသတ်များအတွက် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ စာအုပ်တွင် စာမျက်နှာ ၂၁၇ မျက်နှာပါဝင်ပြီး တန်ဖိုးငွေကျပ် ၁၈၀၀၀ ဖြင့် ရန်ကုန်၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ အမှတ် (တ-၅၅)၊ သပြေကုန်း ဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
သတင်းစဉ်