စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024
image_latest


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက တွန်းအားပေးဆောင်ရွက်ခဲ့သည်။ ပြည်တွင်းထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် လိုအပ်သည့်ကုန်ပစ္စည်းများ တင်သွင်းနိုင်ရေး နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များတိုးတက်အောင် ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပြီး ပိုလျှံသည်များကို ပြည်ပပို့ကုန်များအဖြစ် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ရေးကဏ္ဍ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပြီး အဆိုပါလုပ်ငန်းများကိုအခြေခံ၍ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထွက်ရှိမှသာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ လည်ပတ်ကောင်းမွန်လာပြီး ဘဏ်လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း လည်ပတ်ကောင်းမွန်လာမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အခြေခံကောင်းမွန်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် စနစ်တကျစိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အလားတူ သီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ရန် လိုအပ်သည်။ ပြီးခဲ့သည့်ကာလအတွင်း ဒေသအချို့၌ လက်နက်ကိုင်အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ခဲ့ရပြီး လုပ်ငန်းများပျက်ပြားကာ ဒေသထုတ်ကုန်များ အထွက်လျော့ကျခဲ့သည်။ အလားတူ မွေးမြူရေးလုပ်ငန်းများလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျော့နည်းကျဆင်းလာသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်မှသာ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများလည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်လာအောင်ဆောင်ရွက်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည်အထိ အရည်အသွေးပြည့်မီသော အဆင့်မီထုတ်ကုန်များ ထုတ်လုပ်ကြရန်လိုအပ်သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ကြုံတွေ့ခဲ့ရသည်များကို သင်ခန်းစာယူကာ လာမည့်ဘဏ္ဍာနှစ်တွင် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ကာ တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်ရည်ရွယ်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရက ကူညီပံ့ပိုးပေးမှုများနှင့်အတူ သီးနှံများကိုစိုက်ပျိုးထုတ်လုပ်ကြရာတွင် မျိုးကောင်း၊ မျိုးသန့်သုံးစွဲရေး၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများ ထည့်သွင်းမှုမှန်ကန်ရေးနှင့် စိုက်ပျိုးရိတ်သိမ်းရာတွင် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုဆောင်ရွက်နိုင်ရေး၊ နွေစပါးနှင့် နွေသီးနှံများ လျာထားချက်စိုက်ဧကပြည့်မီရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

လာမည့်ကာလတွင် မိုးရာသီကာလကို ရောက်ရှိတော့မည်ဖြစ်၍ စိုက်ပျိုးရေး လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ နွေစပါးနှင့် နွေသီးနှံများကို ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ခဲ့ကြသည့်နည်းတူ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကိုလည်း တိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်သည်။ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်လာမှသာ ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ထို့အပြင် ချည်မျှင်ရှည်ဝါသီးနှံကို မိုးကြို၊ မိုးနှောင်းရာသီအလိုက် လျာထားချက်ပြည့်မီအောင် တိုးချဲ့စိုက်ပျိုးရန်နှင့် ဝါသီးနှံများ အထွက်နှုန်းတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာနယ်ပယ်များနှင့် တောင်သူများက လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။       ။

HOT NEWS
January 4,