စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး စုစုပေါင်း ၄၁၉၆ မျိုးကို တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်


Ministry of Information/ Naypyitaw / May 29, 2024
image_latest


နေပြည်တော် မေ ၂၈

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၂)ကြိမ် မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများနှင့်ပတ်သက်၍ သုတေသနနှင့် လူ့စွမ်းအားမြှင့်တင်ရေးလိုအပ်ချက်များ၊ ပိုးသတ်ဆေး နည်းပညာကော်မတီဝင်များက စိစစ်တင်ပြလာသော ပိုးသတ်ဆေးအမျိုးပေါင်း ၁၄၉ မျိုးအား အတည်ပြုပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် ပိုးသတ်ဆေး နည်းပညာကော်မတီက ပြုစုတင်ပြလာသည့် သတင်းအချက်အလက်များ စိစစ်သုံးသပ်အကြံပြု ချက်များကိုအခြေခံ၍ ပိုးသတ်ဆေးမှတ်ပုံတင်ခွင့် ပြုပေးနိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့်စပ်လျဉ်း၍ တင်ပြရန်လိုအပ်သော အထောက်အထားအချက်အလက်များကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာအကြံပြုချက်များအပေါ် အခြေပြု၍ လူနှင့်ပတ်ဝန်းကျင်ကို အန္တရာယ်မြင့်မားစေသော ပိုးသတ်ဆေးများကိုသုံးစွဲရန် ပိတ်ပင်တားဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျကိုင်တွယ်သုံးစွဲ စွန့်ပစ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မရှိစေရန်လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်လျက်ရှိပြီး ပိုးသတ်မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေးဖော်စပ် ရောင်းချခွင့်လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည်ထုပ်ပိုးခွင့် လိုင်စင်လျှောက်ထားလာမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပိုးသတ်ဆေးဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ အရည်အသွေးပြည်မီစွာဖြင့် အသုံးပြုနိုင်ရေးနှင့် အတုအပများကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၄၁)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း ၄၁၉၆ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်