စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေစိစစ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေစိစစ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / January 07, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၆

စီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေထုတ်ချေးရန်စိစစ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာန ရုံး အမှတ် (၄၆) ၌ ကျင်းပရာ စိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထိန်လင်းဦး၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏စီးပွားရေးမူဝါဒများကို ဆောင်ရွက်ရာတွင် ငွေရေးကြေးရေးကဏ္ဍသည် အဓိကပါဝင်လျက်ရှိရာ ပြည်သူ များ၏ အပ်နှံစုဆောင်းငွေများဖြင့် နှစ်တို၊ နှစ်ရှည်ကူးသန်းရောင်းဝယ်ရေးချေးငွေ (Com-mercial) နှင့် MSME ချေးငွေများအပြင် နိုင်ငံတော်ဖွံ့ဖြိုးရေး ရေရှည်ရင်းနှီးမြှုပ်နှံရသော စီမံကိန်းနှင့် မူဝါဒဆိုင်ရာလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ငွေကျပ်သန်း ၁၅၀၀ နှင့် အထက်တင်ပြလာသည့် ချေးငွေလျှောက်ထားမှုများကို စိစစ်နိုင်ရန် “စီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေ စိစစ်ရေးအဖွဲ့” ကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ ၂-၈-၂၀၂၅ ရက်စွဲပါ အမိန့် ကြော်ငြာစာဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ယခင်ထုတ်ချေးထားသော စီမံကိန်းနှင့် မူဝါဒချေးငွေများအနက် ချေးငွေအချို့သည် ပြေကျေပြီးဖြစ်ကြောင်းတွေ့ရှိရပြီး ယခုအခါ စီမံကိန်းချေးငွေခုနစ်ခုနှင့် မူဝါဒချေးငွေလေးခု စုစုပေါင်း ၁၁ ခု ကျန်ရှိရာ အဆိုပါစီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေ ၁၁ ခု၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အဖွဲ့အနေဖြင့် သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် ချေးငွေစီမံခန့်ခွဲမှုများကို အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက စီမံကိန်းနှင့် မူဝါဒဆိုင်ရာထုတ်ချေးထားသော ချေးငွေများအပေါ် ချေးငွေဆိုင်ရာ မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ချေးငွေအရင်းအတိုးများ ပုံမှန်ပေးဆပ်စေရေး၊ ချေးငွေပေးဆပ်ရန် ပျက်ကွက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ပျက်ကွက်ပါကလည်း ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို တင်ပြဆွေးနွေးသည်။

ယင်းနောက် တွဲဖက်အတွင်းရေးမှူး မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက ယခင်စီမံကိန်းနှင့်မူဝါဒဆိုင်ရာ ချေးငွေစိစစ်ရေးအဖွဲ့ ၁/၂၀၂၂ ၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် စီမံကိန်းနှင့် မူဝါဒဆိုင်ရာချေးငွေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ ဒုတိယဝန်ကြီးဒေါက်တာထိန်းလင်းဦးက ချေးငွေများနှင့်စပ်လျဉ်း၍ ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ချေးငွေပြန်လည် ပေးဆပ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်သည့်အခြေအနေများကိုလည်းကောင်း တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,