စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းဆိုင်ရာသင်တန်း Online စနစ်ဖြင့်ကျင်းပ
စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းဆိုင်ရာသင်တန်း Online စနစ်ဖြင့်ကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / September 11, 2024
နေပြည်တော် စက်တင်ဘာလ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းဆိုင်ရာသင်တန်းကို Online စနစ်ဖြင့် ကျင်းပပြုလုပ် ခြင်းကို ယနေ့နံနက်ပိုင်း ၉:၃၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ-၂၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အမှာစကားပြောကြားရာ “စောင့်ကြည့်စစ်ဆေးခြင်းနဲ့ အကဲဖြတ်သုံးသပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာမှာ မိမိတို့ဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုတွေကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွား ရမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်အဆင့်ဆင့်မှ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများနဲ့ အစီရင်ခံစာရေးသားတင်ပြခြင်းများအား စနစ်တကျ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဦးစီးဌာနအနေနဲ့ သတင်းအချက်အလက်စီမံခန့်ခွဲမှု(MIS)စနစ်ကို လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်မှာ ကျေးလက်ရေပေးရေး၊ ကျေးလက်မီးလင်းရေး၊ Cash for Work စီမံကိန်း၊ မြစိမ်းရောင်စီမံကိန်း၊ VDP စီမံကိန်းစသဖြင့် စီမံကိန်း တစ်ခုချင်းစီအလိုက် MISစနစ်ထူထောင်၍ အသုံးပြုဆောင်ရွက်လျက်ရှိပြီး သတင်းအချက်အလက်များ ကို တစ်ခုတစ်တည်းနဲ့ ပိုမိုလွယ်ကူလျင်မြန်စွာ သိရှိဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် DRDMIS စနစ်ကို လည်း ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားပါဖြစ်ကြောင်း၊ အကဲဖြတ်သုံးသပ်ခြင်းများကို ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သွားကြရမှာဖြစ်တဲ့အတွက် ယခုပို့ချချက်များအား မှတ်သားလိုက်နာပြီး ဦးစီးဌာန၏ M&E/MIS စနစ်ကို ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ခရိုင်ရုံးများရှိ ဝန်ထမ်းများမှ Video- Conferencingစနစ်ဖြင့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၁-၉-၂၀၂၄ရက်နေ့မှ ၁၃-၉-၂၀၂၄ရက်နေ့အထိ ၃ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
