စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းထုတ်ဓာတ်ဆီ (RON 68) အား အသုံးပြုရန်သင့်လျော်သည့် မော်တော်ယာဉ်များသို့ ရောင်းချပေးသွားမည်

စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းထုတ်ဓာတ်ဆီ (RON 68) အား အသုံးပြုရန်သင့်လျော်သည့် မော်တော်ယာဉ်များသို့ ရောင်းချပေးသွားမည်


Ministry of Information/ Naypyitaw / January 25, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီဖြန့်ဖြူးရောင်းချနေမှု၊ သုံးစွဲမှုနှင့် ပတ်သက်ပြီး ပြည်သူများလေ့လာသိရှိနိုင်ရေးအတွက် “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့” ဆောင်းပါးအပိုင်း(၁)အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နေ့တွင်လည်းကောင်း၊ အပိုင်း (၂) အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့များတွင်လည်းကောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင် ပြည်သူများထံသို့ အသိပေးဖော်ပြထားပြီးဖြစ်ပါသည်။ ပြည်တွင်းထုတ်ဓာတ်ဆီကို ပထမအဆင့်အနေဖြင့် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (၁)ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် (၂)ဆိုင်၊ စုစုပေါင်း (၃) ဆိုင်တို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ တစ်လီတာလျှင် ကျပ် ၂၂၀၀/- နှုန်းဖြင့် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များကိုသာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ယခုအခါ ပြည်သူများ၏ တောင်းဆိုချက်အရ ဒုတိယအဆင့်အနေဖြင့် RON 68 အသုံးပြုရန် သင့်လျော်သည့် အများပြည်သူပိုင်မော်တော်ယာဉ်များ၊ ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်၍ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပါသည်။

ပြည်တွင်းထုတ်ဓာတ်ဆီကို သုံးစွဲခြင်းဖြင့် ပြည်ပမှစက်သုံးဆီတင်သွင်းမှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုသက်သာစေခြင်း၊ အသေးစားအလတ်စားစက်မှုလုပ်ငန်းများအတွက် သယ်ယူပို့ဆောင်ရေးလွယ်ကူလာခြင်း၊ ဆီစားနှုန်းသက်သာ၍ ကြာရှည်အမောင်းခံခြင်း၊ ပြည်သူလူထုများ နေ့စဉ်ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များမှ ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူသုံးစွဲရမည့် အစားသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲလာနိုင်သည့်အတွက် ကုန်ကျစရိတ်သက်သာပြီး မိသားစုဝင်ငွေအထိုက်အလျောက် အထောက်အပံ့ရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

သတင်းစဉ်