စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အနေဖြင့် စွမ်းအင်ပြတိုက်ကို အများပြည်သူလေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်
စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အနေဖြင့် စွမ်းအင်ပြတိုက်ကို အများပြည်သူလေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်
Ministry of Information/ Naypyitaw / December 25, 2025
နေပြည်တော် ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံဝင်းအတွင်း၌ စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အနေဖြင့် စွမ်းအင်ပြတိုက်ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါစွမ်းအင်ပြတိုက်တွင် ပဒေသရာဇ်ခေတ်မှစ၍ ယနေ့ကာလအထိ ခေတ်အလိုက် စုစည်းပြသထားသော ပြကွက်များ၊ သမိုင်းကြောင်းများ၊ အထောက်အထားစာရွက်စာတမ်းများ၊ ပုံစံငယ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ရေနံတူးဖော်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ ရုပ်ကြွပုံစံငယ်များ၊ ကမ်းလွန်လုပ်ကွက်များနှင့် သန်လျင်ရေနံချက်စက်ရုံရာပြည့် အထိမ်းအမှတ်ပြခန်းများ၊ စက်ရုံပုံစံငယ်များ၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ပြခန်းများကို ရုပ်လုံးရုပ်ကြွပုံစံငယ်များဖြင့် စနစ်တကျ ခင်းကျင်းပြသထားသည်။
အဆိုပါပြခန်းကို မြန့်မာ့စွမ်းအင်ကဏ္ဍ၏ သမိုင်းကြောင်းများကို သိရှိစေရန်၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို သိရှိစေရန်နှင့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအတွက် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို တစ်နေရာတည်းတွင် သိရှိလေ့လာနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တနင်္လာနေ့မှအပ၊ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူနှင့် ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ပြသထားမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် ဗဟုသုတဖြစ်မည့် စာအုပ်စာတမ်းများနှင့် နှစ်ပတ်တစ်ကြိမ် ထုတ်ဝေသည့် စွမ်းအင်သတင်းလွှာများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
