ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်သုံးပုံပါဠိတော် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ်သုံးပုံပါဠိတော် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Religious Affairs/ Naypyitaw / January 24, 2025
image_latest


   ပိဋကတ်သုံးပုံပါဠိတော် ခုနှစ်ကျမ်းအား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၃-၁-၂၀၂၅ ရက်နေ့၊ နံနက် နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ(တိုးချဲ့ရုံးသစ်) ကျင်းပသည်။

   အစည်းအဝေးသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)တို့မှ မော်ကွန်း ထိန်းဆရာတော်များနှင့် ပါမောက္ခ/ ဌာနမှူး ဆရာတော်များ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခ ဆရာတော်များ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ မဟာဌာနမှူး ဆရာတော်များ ကြွရောက်တော်မူ ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများ၊ ပညာရှင်ဆရာကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

   ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သာသနာတော်ဆိုင်ရာ များကို ဆွေးနွေးလျှောက်ထားပြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆိုဆောင်ရွက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းလျှောက် ထားတင်ပြသည်။

 

 

 

   ယင်းနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်များက ပိဋကတ်ပါဠိတော်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် တရားဒေသနာတော် များ ချွတ်ချော်တိမ်းစောင်းမှုမရှိစေရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယခင်ဘာသာ ပြန်ဆောင်ရွက်လျက်ရှိသည့် ပညာရှင်များ၏ အတွေ့အကြုံ အကြံဉာဏ်များ၊ နည်းလမ်း၊ စည်းမျဉ်း၊ စည်းကမ်းများကို နည်းနာယူ၍ သာသနာတော်အတွက် တက်ညီလက်ညီ ဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း၊ ပိဋကတ်ပါဠိတော်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတည်းဖြတ်ရာတွင် မြန်မာဘာသာပြန် အပြင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကိုပါ ဆက်စပ်တွေးခေါ်သုံးသပ်ပြီး ဘာသာပြန်ဆိုရသည့် အတွက် တာဝန်ကြီးမားသော်လည်း မွန်မြတ်သည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ထေရဝါဒ ငါးနိုင်ငံတွင် မြန်မာနိုင်ငံသည် ဦးဆောင်နိုင်ငံဖြစ်သည့်အားလျော်စွာ ယခုဆောင်ရွက်သည့် အင်္ဂလိပ်ဘာသာပြန်ဆို ခြင်းလုပ်ငန်းကို ကမ္ဘာ့အဆင့်အတန်းမီအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိစစ်တည်းဖြတ်ပြီး စာအုပ်များကိုလည်း ကမ္ဘာနိုင်ငံအသီးသီးရှိ ဗုဒ္ဓတက္ကသိုလ်များနှင့် စာကြည့်တိုက်များသို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း မိန့်ကြားကြသည်။

 

 

   ဆက်လက်၍ ပိဋကတ်ဘာသာပြန်စာတည်းအဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးအောင်သိန်းညွန့် နှင့် အဖွဲ့ဝင် ဆရာကြီးဦးလှသိန်းထွဋ်တို့က ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ အင်္ဂလိပ်ဘာသာ ပြန်ဆိုမှုများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးလျှောက်ထားပြီး တက္ကသိုလ်လေးခုတို့မှ ပါဠိတော် ခုနစ်ကျမ်းအား အင်္ဂလိပ်ဘာသာပြန်ဆိုနိုင်ရန် ကျမ်းအလိုက် အသီးသီးတာဝန်ခွဲဝေယူကြသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်များအတွက် ကွန်ပျူတာ၊ ပရင်တာနှင့် ဆက်စပ်ပစ္စည်း လေးစုံကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

   သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနသည် ပိဋကတ်ပါဠိတော်များကို အင်္ဂလိပ်ဘာသာပြန်ဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပိဋကတ် သုံးပုံပါဠိတော် ၅၃ ကျမ်းတွင် ဘာသာပြန်ဆိုစိစစ်ပြီးသော ကျမ်း ၃၅ ကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် စာအုပ် ၃၆ အုပ်ထုတ်ဝေရန် စီစဉ်လျက်ရှိပြီး ပညာရှင်ဆရာကြီး ဆရာမကြီးများက တည်းဖြတ်နေဆဲ ကျမ်း ၁၁ ကျမ်း၊  အင်္ဂလိပ်ဘာသာသို့ မပြန်ဆိုရသေးသည့် ကျမ်းခုနစ်ကျမ်းရှိကြောင်း ဖော်ပြအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန