ဆားလင်းကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ရုံးဟောင်းအဆောက်အဦအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး


Ministry of Information/ Naypyitaw / January 31, 2023
image_latest


နေပြည်တော် ဇန်နဝါရီ ၃၁

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသောပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအားလုယက်ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ထိုသို့ အဖျက်အမှောင့်လုပ်ရပ်များကျူးလွန်လျက်ရှိရာ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံးဝင်းအတွင်းသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ရောက်ရှိလာပြီး အဆိုပါရုံးဝင်းအတွင်းရှိ အဆောက်အဦတစ်လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် မီးလောင်မှုကြောင့် အလျား ၆၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၂၀ ပေ သွပ်မိုး/ဝါးကပ်ကာ အဆောက်အဦတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။