ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / March 12, 2025

ရန်ကုန် မတ် ၁၁
ဆေးဝါးတက္ကသိုလ်(ရန်ကုန်)၏ (၂၃)ကြိမ်မြောက်၊ (၂၄)ကြိမ်မြောက်နှင့် (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ယနေ့ကျင်းပသည့် ဆေးဝါးတက္ကသိုလ်(ရန်ကုန်)၏ ဘွဲ့နှင်းသဘင်အခမ်းအနားမှ ဆေးဝါးသိပ္ပံဘွဲ့ရ ၁၅၂ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ရ ၂၁ ဦးနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ရငါးဦးတို့ကို သက်ဆိုင်ရာဘွဲ့များ ချီးမြှင့်အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။
စင်မြင့်ပေါ်တွင် နေရာယူ
ဦးစွာ ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာလတ်လတ်ဝင်းနှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက သက်ဆိုင်ရာ ဝတ်ရုံများဝတ်ဆင်လျက် ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်တွင် နေရာယူကြသည်။
ထို့နောက် ဘွဲ့ရကျောင်းသား/ကျောင်းသူများက အဓိဋ္ဌာန်ပြုကတိသစ္စာရွတ်ဆိုကြပြီး ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က ဆေးဝါးသိပ္ပံပါရဂူဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါး သိပ္ပံဘွဲ့ ရရှိကြသူ ကျောင်းသား ကျောင်းသူများအားသက်ဆိုင်ရာ ဘွဲ့လက်မှတ်များ အပ်နှင်းပေးကာ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဆေးဝါးတက္ကသိုလ်(ရန်ကုန်)မှ ဆေးဝါးသိပ္ပံဘွဲ့ရ ၂၇၆၅ ဦး၊ ဆေးဝါး မဟာသိပ္ပံဘွဲ့ရ ၁၄၁ ဦးနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ရ ၁၈ ဦး ကို သင်ကြားမွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်