ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထားပြီးဖြစ်
ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထားပြီးဖြစ်
Ministry of Information/ Naypyitaw / January 07, 2026
နေပြည်တော် ဇန်နဝါရီ ၆
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ယနေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅၂)၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေက စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ၎င်းတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကုန်စည်စုစုပေါင်း ၂၀၁၅၅ မျိုးကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း ၂၈၅ မှုအနက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် တိုင်ကြားမှု အများဆုံးဖြစ်ပြီး တိုင်ကြားမှု အများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ တိုင်ကြားမှုများ များပြားရခြင်းအပေါ် စိစစ်သုံးသပ်ပြီး အသိပညာပေးမှုနှင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထားပြီး ဖြစ်ပါကြောင်း၊ ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ၏ လိုအပ်ချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ပေးအပ်နိုင်ပါက မျှတသည့် ဈေးကွက်တစ်ခုကို ပုံဖော်နိုင်မည်ဖြစ်သည့်အပြင် ရေရှည်ရပ်တည်နိုင်မည်လည်း ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်တွင် ကျင်းပသွားမည့် စားသုံးသူအခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် မှုအခြေအနေများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကော်မရှင်ကဆုံးဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
