ညောင်ပင်သာကျေးရွာရေဘေးသင့်ပြည်သူများအတွက် ပြန်လည်တည်ဆောက်ပေးခဲ့သည့်အိမ်ရာများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
ညောင်ပင်သာကျေးရွာရေဘေးသင့်ပြည်သူများအတွက် ပြန်လည်တည်ဆောက်ပေးခဲ့သည့်အိမ်ရာများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Ministry of Information/ Naypyitaw / May 04, 2025

နေပြည်တော် မေ ၃
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ညီနောင်အသင်းများ၏ ပံ့ပိုးကူညီမှုများဖြင့် နေပြည်တော် မကျည်းပင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်တည်ဆောက်ပေးခဲ့သည့် အိမ်ရာစီမံကိန်းရာနှုန်းပြည့်ပြီးစီးသည့်အတွက် ကျေးရွာနေပြည်သူများသို့ အိမ်ရာများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် မကျည်းပင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ညောင်ပင်သာကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံရွာသူရွာသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ညောင်ပင်သာကျေးရွာမှ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ ကျေးရွာပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၏ ပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်ခဲ့ကြရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် အိမ်ရာများကို ကျေးရွာနေပြည်သူများထံသို့ လွှဲပြောင်းပေးခြင်းဖြစ်ပါကြောင်း၊ ကျေးရွာ၌ နေအိမ် ၂၂ လုံးအပြင် ဒေသခံများ၏ အကျိုးကိုဖော်ဆောင်နိုင်ရန် Community Center ကိုပါ ထည့်သွင်းတည်ဆောက်ပေးထားပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် လက်မှုပစ္စည်းထုတ်လုပ်ခြင်း သင်တန်းများကိုလည်း ဆောင်ရွက်ပေးသွားရန် လျာထားပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် ညောင်ပင်သာကျေးရွာအား ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း စံပြကျေးရွာတစ်ခုအဖြစ် ဖော်ဆောင်သွားနိုင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးပေးသွားစေလိုပါကြောင်း၊ ညောင်ပင်သာ ကျေးရွာပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျေးလက်နေပြည်သူများ၏ နေထိုင်မှုအဆင့်အတန်းနှင့် ပညာရေးမြင့်မားလာရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ကျေးရွာထုတ်ကုန်ပစ္စည်းများ တစ်နိုင်တစ်ပိုင်ထုတ်လုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် နေပြည်တော်အတွင်း ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မြို့တော်အင်္ဂါရပ်နှင့်အညီ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုအခြေအနေများကို ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ညောင်ပင်သာကျေးရွာ၏ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသော စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ညောင်ပင်သာကျေးရွာရှိ ရေဘေးသင့်ပြည်သူများသို့ ပြန်လည်တည်ဆောက်ပေးခဲ့သည့် အိမ်ရာများအား ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က ဒေသခံရွာသူရွာသားများထံသို့ လွှဲပြောင်းပေးအပ်ကာ ဒေသခံရွာသူရွာသားများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာအတွင်း ရေဘေးသင့်ဒေသခံ ရွာသူရွာသားများအတွက် ဆောက်လုပ်ပေးထားသောနေအိမ်များသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်