ညောင်လေးပင်မြို့နယ်၌ အကြမ်းဖက်မှုကိုလိုလားသည့် KNU သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ၂၃၀ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
ညောင်လေးပင်မြို့နယ်၌ အကြမ်းဖက်မှုကိုလိုလားသည့် KNU သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ၂၃၀ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
Ministry of Home Affairs/ နေပြည်တော် / May 16, 2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်စေရန် ရည်ရွယ်၍ အကြမ်းဖက်မှုကို လိုလားသည့် KNU သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ၂၃၀ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ဖြစ်စဉ်မှာ မေလ ၁၂ ရက်နေ့ နံနက် ၇ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ မွန်စုပိုင်းနှင့် ဘုရားစုပိုင်းကြား စစ်တောင်းမြစ်ကမ်းဘေးရှိ ရွှေကျင် ရေအားလျှပ်စစ်စက်ရုံမှ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းဓာတ်အားခွဲစက်ရုံသို့ သွယ်တန်းထားသော ၂၃၀ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်အား အကြမ်းဖက်မှုကိုလိုလားသည့် KNU သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့မှုကြောင့် တာဝါတိုင်အောက်ခြေ ဒေါက်တိုင် ၄ တိုင် အနက် ဒေါက်တိုင် ၃ တိုင် ပျက်စီးသွားခဲ့ပြီး တာဝါတိုင်ပြိုလဲခြင်းမရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်အား ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လျှပ်စစ်တာဝါတိုင်အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
