တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှ ငြိမ်းချမ်းရေးစကားသံများ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှ ငြိမ်းချမ်းရေးစကားသံများ
Ministry of Information/ Naypyitaw / October 16, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC II) ၌ ကျင်းပခဲ့ရာ အခမ်းအနားတက်ရောက်လာကြသူများ၏ ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
ဗိုလ်မှူးကြီး ဝဏ္ဏအောင်
အဖွဲ့ဝင်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ်လက်မှတ်ရေးထိုးရာမှာ ပြည်တွင်းသက်သေတွေနဲ့ နိုင်ငံတကာသက်သေတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့က သံတမန်တွေပါ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ခိုင်မာတဲ့စာချုပ်ဖြစ်ပါတယ်။
NCA ရဲ့ အခြေခံမူတွေမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေ အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ တည်ဆောက်သွားရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်ဆိုပြီး ပါရှိတဲ့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတို့ကို ဖွဲ့စည်းပြီး ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။
NCA လက်မှတ်ရေးထိုးပြီးနောက်မှာ NCAမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တို့ကို ဖွဲ့စည်းခဲ့ပြီး ကော်မတီအလိုက် လုပ်ငန်းလမ်းညွှန် (ToR) တွေ၊ လုပ်ထုံးလုပ်နည်း (SOP) တွေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွေကိုလည်း ရေးဆွဲဆောင်ရွက်ခဲ့ကြပါတယ်။
NCAပါပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအနေနဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလကုန်အထိ JICM အစည်းအဝေး စုစုပေါင်း (၉)ကြိမ်နဲ့ UPDJC အစည်းအဝေး စုစုပေါင်း အကြိမ် (၂၀)၊ JMC-U အစည်းအဝေး စုစုပေါင်း (၁၉)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၅)ကြိမ် ကျင်းပပြုလုပ်ပြီး ရရှိလာတဲ့ သဘောတူညီချက် (၇၂) ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူခဲ့ပြီးဖြစ်တဲ့အတွက် ဒီသဘောတူညီချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှာ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါ တယ်။
ဗဟိုကော်မတီက ချမှတ်ပေးတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းကော်မတီက လိုအပ်တဲ့အချိန်ဇယားနဲ့ မဟာဗျူဟာတွေကို ချမှတ်ပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီနေ့အချိန်အထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ (၇၃)ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ (၂၅) ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ (၁၆)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ (၇)ကြိမ်၊ စုစုပေါင်း တွေ့ဆုံဆွေးနွေးမှု (၁၂၁)ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။
ညှိနှိုင်းရေးကော်မတီအနေနဲ့ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း သုံးဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့နဲ့ (၆)ကြိမ် ဆွေးနွေးနိုင်ခဲ့ပြီး NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း သုံးဖွဲ့ဖြစ်တဲ့ UWSA ၊ SSPP ၊ MNDAA တို့နဲ့လည်း တွေ့ဆုံဆွေးနွေးမှု(၅)ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ သဘောတူညီချက်တွေအနေနဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ပဲ ဖြစ်ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ကြရာမှာလည်း သဘောတူညီချက် (၂၁)ချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ပဓာနကျသော ငြိမ်းချမ်းရေးကို နိုင်ငံသူ၊ နိုင်ငံသားများအားလုံးက ပူးပေါင်း ပါဝင်တည်ဆောက်ကြရန်၊ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာဖူလုံရေး၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ညှိနှိုင်းရေးကော်မတီအနေနဲ့လည်း NCA နဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်၊ ရည်မှန်းချက်၊ ဦးတည်ချက်တွေနဲ့အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဦးကိုကိုလှိုင်
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန-၂
NCAဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့အကြား အပြန်အလှန်အကြိမ်ကြိမ်ညှိနှိုင်းပြီး ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ ဒီရလဒ်တွေကို နိုင်ငံတကာအသိသက်သေတွေရဲ့ရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး လွှတ်တော်ကလည်း မှတ်တမ်းတင်ထားပြီးသားဖြစ်ပါတယ်။ NCA ဆိုတာ တကယ်တမ်းပြောရရင် ခေတ်အဆက်ဆက်က ကြိုးပမ်းခဲ့ကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အများကြီးအထောက်အကူပြုနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေက အင်မတန်ရှုပ်ထွေးပါတယ်။ သူများနိုင်ငံတွေနဲ့စာရင် လွတ်လပ်ရေးရပြီးကတည်းက၊ တချို့ဆိုရင် လွတ်လပ်ရေးမရခင်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့အမျိုးမျိုး၊ သူတို့ရဲ့ ရည်ရွယ်ချက်အမျိုးမျိုး၊ အကျိုးစီးပွားအမျိုးမျိုး၊ အခြေအနေနောက်ခံအမျိုးမျိုးကနေ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ပြီးပြည့်စုံအောင်မြင်ဖို့ဆိုတာ ကျော်လွှားရဦးမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးက ငြိမ်းချမ်းရေးကို စိတ်ထားမှန်မှန်နဲ့ အားလုံးကလိုချင်ကြပြီး အပြန်အလှန် ညှိနှိုင်းပြီး သူ့ဘက်ကိုယ့်ဘက် အလျှော့အတင်းတွေ လုပ်ပေးနိုင်မယ်ဆိုရင် NCA က ဆက်ပြီး လျှောက်ရမယ့် လမ်းကြောင်းဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။
NCA လမ်းကြောင်းတစ်လျှောက်မှာ ဖြတ်သန်းလာကြရင်း တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီအခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို အခုလို ပြန်လည်ဆုံစည်းပြီး စုပေါင်းကျော်လွှားနိုင်ဖို့ ကြိုးပမ်းအားထုတ်ကြရမှာဖြစ်ပါတယ်။ ဘယ်လို အခက်အခဲပဲတွေ့တွေ့ ရည်မှန်းချက်က ပြည်တွင်းတည်ငြိမ်အေးချမ်းဖို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်းတည်ငြိမ်အေးချမ်းမှ နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ တည်ငြိမ်မှုနဲ့ အေးချမ်းမှုကို အားလုံးက ဝိုင်းဝန်းပြီး တည်ဆောက်ရမယ်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ ငြိမ်းချမ်းရေးလိုလားတဲ့ စေတနာတွေ ပေါင်းစပ်လိုက်မယ်ဆိုရင် အခုကျင်းပတဲ့ NCAပွဲဟာ ကောင်းမွန်တဲ့ရလဒ်တွေ ဆောင်ကြဉ်းလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့နိုင်ငံက သူများနိုင်ငံတွေနဲ့စာရင် သယံဇာတတွေလည်း ပေါများတယ်။ လူအင်အားအရင်းအမြစ်ကလည်း ကြွယ်ဝပါတယ်။ တည်နေရာအနေအထားကလည်း အင်မတန်မှ မဟာဗျူဟာအချက်အချာကြပါတယ်။ ဘက်ပေါင်းစုံကနေပြည့်စုံနေတဲ့ နိုင်ငံတစ်ခုဟာ တည်ငြိမ်အေးချမ်းပြီး အားလုံးက ညီညီညွတ်ညွတ်နဲ့ စုပေါင်းလုပ်ကိုင်ကြမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာဖို့က သေချာပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ရဲ့လိုအပ်ချက်ကလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ဖို့ပါပဲ။ ဒါကို တစ်မျိုးသားလုံးရဲ့ ဘုံရည်မှန်းချက်အနေနဲ့ ထားရှိကြပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ လိုက်လျောမှုတွေနဲ့ သဘောထားကြီးကြီး ညီအစ်ကိုစိတ်ဓာတ်တွေနဲ့ ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု ငြိမ်းချမ်းရေးဟာ မလွဲမသွေရနိုင်မယ်လို့ ယုံကြည်ပါတယ်။
ခွန်ဥက္ကာ
ဦးဆောင်ကော်မတီအဖွဲ့ဝင်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)
လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေကို အကြံပေးချင်တာက နိုင်ငံရေးဆွေးနွေးဖက်တွေအဖြစ် ပြောင်းလဲကြပါ။ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့ အဖြေရှာကြပါ။ လက်နက်ကိုင်တဲ့နည်း၊ စစ်ရေးအရအဖြေရှာခြင်းဟာ အဖြေတကယ်မရပါဘူး။ ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရမှာဖြစ်ပါတယ်။ အခု NCA စာချုပ်ဟာ ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့စာချုပ်ဖြစ်ပါတယ်။ သို့သော် အစိတ်အပိုင်းအလိုက် focus areaတွေမှာပဲ ပဋိပက္ခမရှိတာ ဖြစ်ပါတယ်။ ဥပမာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းမှာ ဘာပဋိပက္ခမှ မရှိပါဘူး။ မွန်ပြည်နယ် မွန်ပြည်သစ်ပါတီနယ်ထဲမှာ ဘာပဋိပက္ခမှ မရှိပါဘူး။ နိုင်ငံသားတွေ အေးအေးချမ်းချမ်း သွားလာလို့ ရပါတယ်။ ပဋိပက္ခလမ်းကြောင်းကို ရွေးချယ်တဲ့သူတွေကတော့ သူတို့သဘောပါပဲ။ သို့သော်လည်း ပဋိပက္ခကြောင့် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဒုက္ခသည်တွေ၊ စစ်ဘေးစစ်ရှောင်တွေ ရာသီဥတုဒဏ်ခံရမယ်။ စားနပ်ရိက္ခာရှားပါးမှုတွေ၊ ဆေးဝါးရှားပါးမှုတွေ ရှိလာမယ်။ ဒီဒုက္ခတွေကိုလည်း ဝိုင်းဝန်းဖြေရှင်းကြဖို့ လိုပါတယ်။ ပဋိပက္ခထဲမှာပါတဲ့သူတွေက ပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ဒုက္ခရောက်တဲ့သူတွေ၊ စစ်ဘေးစစ်ရှောင်တွေကို မကူညီနိုင်ဘူး။ NCA ထိုးထားတဲ့အဖွဲ့တွေက စစ်ဘေးစစ်ရှောင်တွေကို ကူညီဖို့ တာဝန်ဖြစ်လာတယ်။ ဒါကလည်း လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေ ပေးတဲ့အပေါ်မှာ မူတည်တယ်။ ဒါကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေက ကူညီဖို့ NCA ရဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ဆောင်နေကြပါတယ်။
ဒီနေ့လို အခမ်းအနားတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်သွားနိုင်အောင် လမ်းဖွင့်ပေးတယ်။ ဒါကြောင့် နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝစွာနဲ့ လုပ်ဆောင်ပေးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ NCA မရှိတော့ဘူး၊ ပျက်ပြယ်ပြီလို့ ပြောဆိုတဲ့သူက များလာတယ်။ NCA က ပျက်ပြယ်လို့ရတဲ့ စာချုပ်မျိုး မဟုတ်ပါဘူး။ NCA က Legal Document ဖြစ်ပါတယ်၊ ခိုင်မာပါတယ်လို့ ပြောချင်ပါတယ်။ လွှတ်တော်က အတည်ပြုထားတဲ့ စာချုပ်ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုက ပျက်ပြယ်ပြီလို့ ပြောရုံနဲ့ မပျက်ပြယ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတစ်ဖွဲ့၊ တစ်ဦးတစ်ယောက်တည်း ပိုင်တာမဟုတ်ပါဘူး။ အားလုံးပိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
ဦးလှမောင်ရွှေ
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) အဖွဲ့ဝင်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်ကစပြီး ယနေ့အထိ နိုင်ငံသားတစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တယ်။ ကျွန်တော့် အတွေ့အကြုံအရပြောရရင် ငြိမ်းချမ်းရေးက အတက်အကျတွေ ရှိတတ်ပါတယ်။ အကြောင်းကြောင်းကြောင့် အရည်အသွေးတည်ဆောက်ရေး အားနည်းချိန်မှာ မမျှော်လင့်နိုင်တဲ့ ကိစ္စတွေဖြစ်တတ်ပါတယ်။ ဒီနေ့အခမ်းအနားက အရည်အသွေးတည်ဆောက်ရေးကို တစ်ဆင့်တစ်ဆင့်နဲ့ ပြန်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့မှာ အစီအစဉ်တစ်ခုအနေနဲ့ အလုပ်ရုံဆွေးနွေးပွဲရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ State holder တွေရဲ့ စကားသံတွေ နားထောင်ပြီး ကောင်းတဲ့ဘက်ကို စဉ်းစားလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဦးကိုကိုကြီး
ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ
ပကတိအခြေအနေကို မှန်မှန်ကန်ကန်သိမြင်နားလည်ပြီး လက်တွေ့ကျတဲ့ ခြေလှမ်းတွေနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့လိုတယ်။ တစ်ဦးချင်းရဲ့ယုံကြည်မှုကို ကျွန်တော်တို့ မဝေဖန်လိုပါဘူး။ သို့သော် ကျွန်တော့်အနေနဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းကိုပဲ တစိုက်မတ်မတ်ယုံကြည်ပြီး ဆောင်ရွက် လာတာဖြစ်ပါတယ်။ နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ အခိုင်အမာယုံကြည်ပါတယ်။ NCA လက်မှတ်ထိုးတာကတော့ ၁၀ ဖွဲ့ ရှိပါတယ်။ NCA ဖျက်သိမ်းလိုက်ပြီ၊ NCA ကနေ နုတ်ထွက်လိုက်ပြီ ဆိုတာမျိုး ဘယ်သူမှ ပြောကြတာမရှိပါဘူး။
ငြိမ်းချမ်းရေးရဲ့ သဘောသဘာဝကို နိုင်ငံတကာကို သွားရောက်ပြီး အများကြီး လေ့လာဖူးပါတယ်။ တစ်ခါတလေ နီးလာလိုက်၊ ဝေးသွားလိုက်၊ တက်လိုက် ကျလိုက် ဖြစ်တာကတော့ သဘာဝပါပဲ။ အခု ကျွန်တော်တို့ ရင်ဆိုင်ရတာက အရင်က မကြုံဖူးတဲ့ တင်းမာမှုပဋိပက္ခကို ကြုံနေရတယ်။ ဒါတွေကိုဖြေရှင်းဖို့ အရင် NCA ကာလတုန်းက စဉ်းစားတာတွေထက်ပိုပြီးတော့ စဉ်းစားချဉ်းကပ်ဖို့ လိုပါတယ်။
NCA ကတော့ လွှတ်တော်ပြင်ပကနေ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ တစ်ဖက်ကလည်း လွှတ်တော်တွေထဲမှာက နိုင်ငံရေးပါတီတွေ အားကောင်း လာဖို့၊ လွှတ်တော်အသက်ဝင်အားကောင်းလာဖို့ ဒါမှသာ NCA စာချုပ်အရ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဆိုတဲ့ အင်္ဂါစုံလာမှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပချိတ်ဆက်ပြီး ဆောင်ရွက်ဖို့လိုတယ်လို့ မြင်ပါတယ်။
တွေ့ဆုံမေးမြန်း
မျိုးဆက်သစ်
ဓာတ်ပုံ - အေးဟိန်း