တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / October 15, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ပေးပို့၍ မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်း ပြောကြားသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြားသည်။

ယင်းနောက် NCA လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့် နှစ်ပတ်လည်နေ့ ကျင်းပဆောင်ရွက်ခဲ့မှုများကို Video Clip ဖြင့် အကျဉ်းချုံး ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများနှင့် NCA လက်မှတ် ရေးထိုးပွဲ၌ ပါဝင်ခဲ့ကြသော အသိသက်သေများဖြစ်ကြသည့် UPWC ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး(အငြိမ်းစား)ဦးအောင်မင်း၊ UPWC ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး (အငြိမ်းစား)ဦးသိန်းဇော်၊ NCA တွင် ပါဝင်ခဲ့သူများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး (အငြိမ်းစား)၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(အငြိမ်းစား)၊ ဦးဇိုဇမ်နှင့် ဦးကိုကိုကြီး၊ JMC-U ဒုတိယဥက္ကဋ္ဌ(၂) ဦးစိုင်းမျိုးသန့်၊ JMC-U အဖွဲ့ဝင် ဦးပြည့်စုံနှင့် CPR မှ ဦးလှမောင်ရွှေတို့က NCA အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားကြသည်။

ယင်းနောက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့မှ ခေါင်းဆောင်များက NCA အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားကြသည်။

ဆက်လက်၍ NCA လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောပုဂ္ဂိုလ်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးခဲ့စဉ်က ကိုယ်တိုင်ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော ပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပံ့ပိုးကူညီပေးခဲ့ကြသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား NCA(၉)နှစ်မြောက်နှစ်ပတ်လည်နေ့ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA(၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့်အစီအစဉ်အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လေ့လာဆန်းစစ်ပြုစုတင်ပြရေးအဖွဲ့ ၄ ဖွဲ့မှ ပြုစုထားသော စာတမ်း ၄ စောင်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်မည့် ရွေးကောက်ပွဲစနစ်ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေး” ၊ “ပြည်ထောင်စုနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အကြား အာဏာခွဲဝေကျင့်သုံးမှုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခန့်ထားခြင်း”၊ “ပြည်ထောင်စုစနစ်ခိုင်မာစေရေးနှင့် တိုင်းရင်းသားရေးရာဆိုင်ရာများ” နှင့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍ” တို့အား အကျဉ်းချုပ်ဆွေးနွေးတင်ပြသည်။

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့မှကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များက “အနာဂတ် မြန်မာနိုင်ငံတော်ကို ပုံဖော်ခြင်း” ခေါင်းစဉ်ဖြင့် လက်ရှိနိုင်ငံရေးအခြေအနေနှင့် ရွေးကောက်ပွဲကျင်းပရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် အခြေခိုင်မာရေး၊ လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်အဟုန်ဖြင့် ဆက်လက်ဖော်ဆောင်နိုင်မည့် လမ်းကြောင်းများကို ဖော်ထုတ်နိုင်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်နှင့် နည်းလမ်းများ စသည်တို့နှင့် ပတ်သက်ပြီး သဘောထားအမြင်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထားများအား စုစည်းကောက်နုတ် ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ ပါဝင်ဆွေးနွေး ပြောကြားချက်များအပေါ် ကျေးဇူးတင်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။