တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပပြုလုပ်

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / December 12, 2022
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၂

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်နည်းပညာတက္ကသိုလ်၊ စာပေဌာန နှင့်လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးသရေစည်သူ စိုးဝင်းက ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများအား စစ်ဆေးသည်။ ၎င်းနောက် ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄)သင်တန်းမှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၁၃၈ ဗိုလ်လောင်း ရဲလင်းထွဋ်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၁၇၃၊ ဗိုလ်လောင်း ဟိန်းသူအောင်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၀၉၈၊ ဗိုလ်လောင်း နိုင်နိုင်ဟန်ထွန်း တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တပ်မတော်နည်းပညာတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဆင်းသည့် နေ့ဖြစ်ပြီး တပ်မတော်၏ အင်ဂျင်နီယာအခန်း ကဏ္ဍအတွက် အားသစ်လောင်းသည့် နေ့တစ်နေ့ဖြစ်သကဲ့သို့ ရဲဘော်တို့အတွက်လည်း ဂုဏ်ယူဖွယ်ရာ မင်္ဂလာရှိသည့် နေ့တစ်နေ့လည်း ဖြစ်ကြောင်း၊ ဂုဏ်ယူဖွယ်အခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်(ကိုယ်စား) မှာကြားစရာရှိသည်များကို မှာကြား သွားမှာ ဖြစ်ကြောင်း၊ သင်တန်းကာလ ၆ နှစ်အတွင်း သက်ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်များအလိုက် စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးခြင်း၊ ခြေလျင် တပ်စုမှူးအဆင့် တတ်ကျွမ်းရမည့် စစ်ပညာတွေများကိုလည်း စနစ်တကျသင်ကြား လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ “ တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော အရည်အချင်းနှင့် ပြည့်စုံသည့် အင်ဂျင်နီယာဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့ရ အရာရှိများမွေးထုတ်ပေးရန်” ဆိုသည့် တပ်မတော်နည်းပညာတက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ မွေးထုတ်ပေးလိုက်သည့် ရဲဘော်တို့သည် တပ်မတော်က ယုံကြည်အားထားရသည့် အင်ဂျင်နီယာဘွဲ့ရ အရာရှိငယ်များ အဖြစ်သာမက နိုင်ငံတော် ကာကွယ်ရေးတာဝန်များကိုပါ စွမ်းစွမ်းတမံထမ်းဆောင် သွားကြရမှာ ဖြစ်သည့် အတွက်လက်တွေ့နယ်ပယ်မှာလိုက်နာ လုပ်ဆောင်ရမည့် အချက်များကို အလေး အနက်ထား မှာကြားလိုကြောင်း၊

အင်ဂျင်နီယာတပ်ဖွဲ့သည် တပ်မတော်၏ အားထားရသည့် လက်ရုံး ဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ် ခေတ်အဆက်ဆက် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ရင်း/တပ်ဖွဲ့များအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကဏ္ဍများတွင် စွမ်းစွမ်းတမံ ကူညီပံ့ပိုး လုပ်ဆောင်ပေးခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်ကြောင်း၊ အင်ဂျင်နီယာတပ်ဖွဲ့သည် ရွေ့လျားသွားလာနိုင်စွမ်း ရှိရန် (To Move)၊ တိုက်ခိုက်နိုင်စွမ်းရှိရန် (To Fight)၊ နေထိုင်နိုင်စွမ်း ရှိရန် (To Live) ဆိုသည့် အဓိကတာဝန် ၃ ရပ်ကို စစ်ဆင်ရေး ကာလများအတွင်း စစ်မြေပြင်တွင် ရဲဝံ့စွန့်စားစွာ ထမ်းဆောင်နိုင်ခဲ့ရုံသာမက နိုင်ငံတော်နှင့်တပ်မတော်၏ ဘက်စုံတည် ဆောက်ရေးကဏ္ဍများတွင်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အကူအညီပေးခြင်း၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော်ပေးခြင်းနှင့် ပြည်သူလူထုအား လူသားချင်းစာနာ ထောက်ကူမှုနှင့် သဘာဝဘေးဒုက္ခ ကယ်ဆယ်ရေး (Humanitarian Assistance And Disaster Relief - HADR) လုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက် ပေးနိုင်ခဲ့သည့် မိုင်းအစဉ်အလာ ကောင်းမွန်သော လက်ရုံးတပ်ဖွဲ့ တစ်ခုလည်း ဖြစ်ကြောင်း။

နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို အဓိကထမ်းဆောင်နေရသည့် တပ်မတော်တွင် အင်ဂျင်နီယာတပ်ဖွဲ့နှင့် အကူလက်ရုံးတပ်များသည် ခြေလျင်တပ်များနှင့်အတူ ဟန်ချက်ညီညီနှင့် ပေါင်းစပ်ညှိနှိုင်းတိုက်ပွဲဝင်ခဲ့ပြီး သမိုင်းဝင်အောင်မြင်မှုများ များစွာရရှိခဲ့ကြောင်း။ ထို့အပြင် အင်ဂျင်နီယာ အရာရှိ/စစ်သည်များအနေနှင့် တပ်မတော်(ရေ)အတွက် လိုအပ်သည့် ခေတ်မီစစ်ရေယာဉ်များ တည်ဆောက်ပေးခြင်း၊ တပ်မတော်(လေ)အတွက် လိုအပ်သည့် လေယာဉ်များ အဆင့်မြှင့်တင်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်းပေးခြင်းနှင့် ထုတ်လုပ်ခြင်း၊ စစ်လက်နက်ပစ္စည်းများ နှင့်ခဲယမ်းများ၊ ယာဉ်ယန္တရားများ ဆန်းသစ်တီထွင်ထုတ်လုပ်ပေးခြင်းများ လုပ်ဆောင် ပေးနေသလိုနိုင်ငံတော် တည်ဆောက်ရေးကဏ္ဍတွင်လည်း ဆည်/မြောင်း၊ လမ်း/ တံတားများ၊ အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းတို့ကို မိမိတို့ တတ်စွမ်းသည့် ပညာရပ်ဖြင့် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း။

ယနေ့ခေတ်သည် ပညာခေတ်(Knowledge Age) ဖြစ်တာနှင့့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပညာသည်သာ၊ အခရာ” ဖြစ်တည်လျက်ရှိကြောင်း၊ ဖွံဖြိုးတိုးတက်ရန် ရုန်းကန်နေရသည့် မိမိတို့နိုင်ငံအနေနှင့်ပညာကို အခြေပြုပြီး နိုင်ငံတော်တည်ဆောက်ရေး (State Building)နှင့် တိုင်းပြည် တည်ဆောက်ရေး(Nation Building) တို့ကို အခြေခံကျကျ ဆောင်ရွက်နိုင်မှသာလျှင် ခေတ်နှင့်အညီ နိုင်ငံတကာနှင့် လျင်မြန်စွာရင်ပေါင် တန်းလျှောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာတင်လည်း ပညာရေးစနစ်သစ်အဖြစ် STEM လို့ခေါ်သည့် Science၊ Technology၊ Engineering နှင့် Mathematics များကို အခြေခံပညာ ရေးမှအစပြုပြီး အင်ဂျင်နီယာပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အတွေးအခေါ် အယူအဆများ ထည့်သွင်းသင်ကြားလာခဲ့ကြသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ဘာသာရပ် တစ်ခုချင်းစီအလိုက် သင်ကြားမှုအစီအစဉ် (Teaching Plan)များ ရေးဆွဲချမှတ်ပြီး သင်ကြားလေ့ကျင့်ပေးခဲ့တာဖြစ်ကြောင်း။

အင်ဂျင်နီယာပညာရေးစနစ်သည် လူမှုစီးပွားဘဝတွေ ပြောင်းလဲတိုးတက်လာမှု အပေါ်မူတည်ပြီး လိုအပ်ချက်များ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန်အတွက်လိုက်ပါ ပြောင်လဲလျက်ရှိကြောင်း၊ ယခင်က သိပ္ပံသီအိုရီများနှင့် ပေါင်းစပ်သင်ကြားသည့် စနစ်မှ တီထွင်ဖန်တီးနိုင်မှု၊ တွေးခေါ်မြော်မြင်နိုင်မှု၊ အမှန်တကယ်တတ်မြောက်မှု၊ ဦးစားပေးမှုဆိုသည့် အချက်များ အပေါ်အခြေခံသည့် မျက်မှောက်ခေတ် အင်ဂျင်နီယာ ပညာရေးစနစ်ကို ကူးပြောင်းတိုးတက် လာကြသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ယနေ့ စတုတ္ထစက်မှုတော်လှန်ရေး (Industry 4.0) ခေတ်တွင်ဉာဏ်ရည်တု နည်းပညာ(Artificial Intelligence - AI) အခြေပြုလုပ်ငန်းများကြောင့် နည်းပညာ နယ်ပယ်၊ ပညာရေး နယ်ပယ်တို့တွင် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့ကြောင့် Industry 4.0 ကို အထောက်အပံ့ပေးနိုင်မည့် ပညာရေးစနစ်ဖြစ်သည့် Education 4.0 ကို အကောင် အထည်ဖော်ရန်လိုအပ်လာသည်ကို တွေ့ရှိရမှာ ဖြစ်ကြောင်း။

အင်ဂျင်နီယာပညာရေးတင် အခြေခံအားဖြင့် သင်္ချာနှင့့်သိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့်အမိနည်းပညာ တက္ကသိုလ်ကြီးက အဆိုပါပညာရပ်များနှင့် ပတ်သက်ပြီး လက်တွေ့ကျကျ အသုံးချနိုင်မှု စွမ်းရည်ရှိအောင်၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ရှုပ်ထွေးသည့် ပြဿနာရပ်များ ဖြေရှင်းနိုင်မှုစွမ်းရည် (Complex Problem Solving) ရှိအောင်၊ ဒီဇိုင်း ပြုလုပ်တီထွင်ဖန်တီးနိုင်မှု စွမ်းရည်များသာမက လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်များ ပြည့်ဝအောင် သင်ကြားလေ့ကျင့်ပေးခဲ့တာဖြစ်ကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့နှင့် ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်နိုင်ရန်အတွက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် နည်းပညာရပ်များကို ခေတ်နှင့်အညီ အမီလိုက်ပြီး အသုံးချနိုင်စွမ်းရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့် အခြေခံအကြောင်းတရားပဲဖြစ်ကြောင်း၊ တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်ရာတွင် အင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်မှုများပြည့်ဝအောင် သင်ကြားလေ့ကျင့် ပေးထားသည့် တပ်မတော်သားများသည် စစ်ဘက်အင်ဂျင်နီယာ လူ့စွမ်းအားအရင်း အမြစ်များဖြစ်သကဲ့သို့ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရာတွင်လည်း လိုသလိုကူညီပေးနိုင်မည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်နေရန်လည်း လိုအပ်မှာဖြစ်ကြောင်း၊ တပ်မတော်၏ ရည်မှန်းချက် ပန်းတိုင်များ ပြီးမြောက်အောင်မြင်စေရန်အတွက် စစ်ဘက်အင်ဂျင်နီယာ လူ့စွမ်းအားအရင်းအမြစ်များ နှစ်စဉ်မွေးထုတ်ပြီး မှန်ကန်စွာစီမံခန့်ခွဲ တာဝန်ပေး အပ်သွားရမှာဖြစ်ကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာပညာရေး ဆိုင်ရာ မဟာဗျူဟာ မြောက်စီမံကိန်း(Strategic Plan) များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ခြင်း၊ မိမိနိုင်ငံ၊ မိမိတပ်မတော်အတွက် များစွာအားကိုး အားထားပြုနိုင်သည့် အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရေးအတွက် အရည်အသွေး အာမခံမှု(Quality Assurance) ရှိအောင် လုပ်ဆောင်နေခြင်းများသည် တစ်နည်းအားဖြင့် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေခြင်းပင်ဖြစ်ကြောင်း။

တပ်မတော်သည် နိုင်ငံနှင့်လူမျိုး၊ အမျိုးသား အကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့်အတွက် ကာကွယ်ရေး စွမ်းအား (Defence Capability) တည်ဆောက်ခြင်းနှင့် ကာကွယ်ရေး ကဏ္ဍခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း (Defence Modernization) တို့ကို ဖော်ဆောင်ပြီး သမားရိုးကျစစ်ပွဲများကို ဆင်နွှဲနိုင်စွမ်းရှိသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ်တည်ဆောက်လျက်ရှိကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရာတွင် အဓိကကျသည့် ခေတ်မီစစ်အသုံးအဆောင် ပစ္စည်းများ၊ လူ့စွမ်းအား အရင်းအမြစ်များနှင့် ကျွမ်းကျင်မှုစသည့် ကဏ္ဍသုံးရပ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမှာဖြစ်သလို တိုးတက်ပြောင်းလဲနေသည့် စစ်ပွဲဆိုင်ရာအယူအဆများ၊ ပုံသဏ္ဌာန်များ၊ စစ်လက်နက် အသစ်အဆန်းများနှင့် စစ်ဘက်ဆိုင်ရာနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း မျက်ခြည်အပြတ် မခံဘဲ လေ့လာနေရန်၊ ရသည့် အချိန်တိုင်းတွင် စာများများ ဖတ်နိုင်ကြရန် တစ်နည်းအားဖြင့် ပညာ၊ ဗဟုသုတ ဝမ်းစာ ပြည့်နေရန်လိုအပ်ကြောင်း။

ခေတ်မီတပ်မတော်တစ်ရပ်တွင်ရှိရမည့် ခေတ်မီလက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းယန္တရားများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ခြင်းသည် တိုက်စွမ်းရည်၊ တိုက်စွမ်းအားမြင့်မားသည့် တပ်မတော်ဖြစ်စေရေးအတွက် အခြေခံကျသည့် အချက်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက် ကာကွယ်ရေးကဏ္ဍကို နှစ်စဉ်ဘတ်ဂျက်များ တိုးမြှင့်သတ်မှတ်ပြီး ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ကာ စစ်မှုသိပ္ပံနှင့်ဘက်စုံနည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးစားလုပ်ဆောင်နေကြသည်ကိုတွေ့ရမှာဖြစ်ကြောင်း။

နယ်ပယ်ကဏ္ဍအသီးသီးတွင် နည်းပညာဆိုင်ရာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာမှုနှင့် အတူ သတင်းအချက်အလက်များ လွယ်ကူမြန်ဆန်စွာ စီးဆင်းမှုကြောင့် အခြားသော စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးက ရင်ဆိုင်ဖြေရှင်းနေကြရကြောင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများအနေနဲ့ နည်းပညာမဖွံ့ဖြိုးသည့် နိုင်ငံများအပေါ် အနိုင်ကျင့်လွှမ်းမိုး ခြယ်လှယ်မှုများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နည်းပညာအခြေပြုခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးကို အပြိုင်အဆိုင် ကြိုးပမ်းလုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေနှင့်လည်း ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်အောင် စစ်မှုသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်အလေးထား အကောင်အထည်ဖော် ဆောင်ရွက်နေတာပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့် နေရာတွင် မိမိတို့ တတ်ကျွမ်း သည့် အင်ဂျင်နီယာပညာရပ်နှင့် ကျရာအခန်း ကဏ္ဍများတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း။

မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့သည် နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်းဖြစ်သည့် စစ်ရေးနည်းလမ်းတစ်ခုတည်းနှင့် ကိုယ်တိုင် ကိုယ်ကျ နေရာအရောက် ကျူးကျော်သိမ်းပိုက် တိုက်ခိုက်ခြင်းမျိုးမဟုတ်တော့ဘဲ သမားရိုးကျ မဟုတ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေးနည်းလမ်းစသည့် Multi Dimensional Warfare အသွင်ဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုပြီး လွှမ်းမိုးချုပ်ကိုင်ရန် ကြားခံ Proxy များထားပြီး လုပ်ဆောင်လာတာကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်သစ်စစ်ပွဲများ အောင်မြင်စွာဆင်နွှဲနိုင်ရန်အတွက် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာတွေ၊ အီလက်ထရောနစ်နည်းပညာများ၊ စက်မှုနည်း ပညာများကို နိုင်ငံတကာအဆင့်မီ တတ်ကျွမ်းနားလည်အောင် လက်တွေ့နယ်ပယ်တွင် ရရှိသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ဆက်လက်ဆည်းပူး လေ့လာသင်ယူ သွားကြရမှာဖြစ်ကြောင်း။

နည်းပညာများတိုးတက်မှုနှင့်အတူ လိုက်လျောညီထွေ ပြောင်းလဲဆန်းသစ်နေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကို စဉ်ဆက်မပြတ် လေ့လာ သုံးသပ်ပြီး( ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့အားလုံးကို စွမ်းရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များ၊ နည်းပညာများ၊ စစ်လက်နက်ပစ္စည်းများနှင့် ပေါင်းစပ်ပြီး နိုင်ငံတော်ကာကွယ်ရေး စွမ်းအားကို တည်ဆောက် သွားရမှာဖြစ်ကြောင်း၊ တပ်မတော်သား အဆင့်အတန်း အားလုံးသည် မိမိတို့တာဝန် ထမ်းဆောင် ရသည့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်ရန်လိုအပ်ပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ တိုးတက်လာစေရန်နှင့် အရေအတွက်ထက် အရည်အသွေးနှင့် အရည်အချင်း ရှိသည့် တပ်မတော်သားများ ဖြစ်လာစေရန်အတွက် လေ့ကျင့်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာ ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည် ထက်မြက်ရန်အတွက် လေ့ကျင့်ရေးသည် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပြီး စစ်သည်တစ်ဦးချင်း လေ့ကျင့်ရေးနှင့် တပ်ဖွဲ့ အလိုက်လေ့ကျင့်ရေးများကို တပ်မတော်၏ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့် လေ့ကျင့်ရေး ဆောင်ပုဒ်နှင့်အညီ စဉ်ဆက်မပြတ် တာဝန်ကျရာ တပ်အသီးသီးတွင် စနစ်တကျလေ့ကျင့်သွားကြရန် မှာကြားလိုကြောင်း။

ယနေ့ခေတ်သည် စစ်မှုသိပ္ပံနှင့် နည်းပညာတိုးတက်ပြောင်းလဲလာတာနှင့်အမျှ ခေတ်သစ်စစ်ပွဲများတွင် သတင်းစုံစွာရရှိရန်၊ လုံခြုံမှုနှင့်အကာအကွယ်ရရှိရန်၊ ထိရောက်စွာ ချေမှုန်းတိုက်ခိုက်နိုင်ရန်၊ အဆုံးအဖြတ် တိုက်ပွဲများကို အချိန်တိုအတွင်း ဆင်နွှဲနိုင်ရန်မှာ နည်းပညာ သာလွန်ကောင်းမွန်ပြည့်စုံမှုအပေါ် များစွာမူတည်နေတာကို လေ့လာတွေ့ရှိ ရမှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် စစ်မှုသိပ္ပံနှင့်နည်းပညာ တိုးတက်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာ သုံးသပ်ပြီး မိမိနိုင်ငံနှင့် တပ်မတော်ကာကွယ်ရေး စွမ်းရည်မြင့်မားစေရေးအတွက် နည်းပညာ လိုအပ်ချက်အလိုက် သုတေသနပြုလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက် နေကြရမှာဖြစ်ပြီး ရလဒ်အပေါ်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် သင်ခန်းစာဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ဖြည့်ဆည်းခြင်း၊ အစားထိုး ထုတ်လုပ်ခြင်းစသဖြင့် လိုအပ်သည့် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် “ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်” ဆိုသည့် တပ်မတော်နည်းပညာတက္ကသိုလ်၏ လမ်းညွှန်ဆောင်ပုဒ်အတိုင်း အင်ဂျင်နီယာပညာရှင်များဖြစ်လာကြမယ့် ရဲဘော်တို့ အနေနှင့်လည်း တစ်ဖက်က သုတေသနပြုလုပ်ငန်းများ ပြုလုပ်နေရမှာဖြစ်သလို တစ်ဖက်တွင်လည်း သုတေသန ပြုနိုင်ရေး လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည်မပြတ် လေ့လာပြီး ကြိုတင်မျှော်တွေးတတ်ကြရန်၊ ခေတ်ကာလနှင့် လျော်ညီစွာတီထွင် နိုင်စွမ်းရှိအောင် ကြိုးစားလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ အရာရာကို တီထွင်ဖန်တီးလိုသည့် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် စွမ်းရည်များရရှိအောင် ကြိုးစားကြရမည့်အပြင် တီထွင်ဖန်တီးမှု ရလဒ်များကိုလည်း ကိုယ်ကျင့်တရား၊ ကျင့်ဝတ်တို့နှင့်အညီ လူ့ဘောင်လောကကို ကောင်းကျိုးဖြစ်ထွန်း အောင် အသုံးချ သွားကြ ရန်မှာကြားလိုကြောင်း။

မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များနှင့် တိုင်းပြည်အကျိုးသယ်ပိုး သည့်အခါ တစ်ဦးတစ်ယောက်တည်း၏ အရည်အချင်းကို အားပြုခြင်းထက် အဖွဲ့လိုက်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်ရန် အရေးကြီးကြောင်း၊ ကြီးမားသည့် အောင်မြင်မှုများကို တစ်ယောက်တည်းရယူရန်မဖြစ်နိုင်သည့်အတွက် တစ်ဦးတစ်ယောက်တည်း အောင်မြင်ရေးကို ရှေ့တန်းမတင်ဘဲ အဖွဲ့အစည်းနှင့် စုစည်းညီညွတ်စွာ ကြိုးပမ်းလုပ်ဆောင်ရသည့် အောင်မြင်မှုများတွင် ပျော်ရွှင်ဂုဏ်ယူတတ်သည့် စိတ်ထားများ ပိုမိုကိန်းအောင်းလာအောင် တစ်ဦးချင်းအပြင် မိမိဦးဆောင်ရမည့် အဖွဲ့အစည်းကိုလည်း ဦးဆောင်စည်းရုံး လုပ်ဆောင် သွားရမှာဖြစ်ကြောင်း၊ တပ်မတော်၏ စစ်မှုဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးအတွက် တပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်ရဲ့ သိပ္ပံနှင့်နည်းပညာကဏ္ဍ တိုးတက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် လိုအပ်သလိုပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကိုလည်း အလေးထား လုပ်‌ဆောင် သွားရမှာပင်ဖြစ်ကြောင်း။

မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များကို နိုင်ငံအတွက်၊ တပ်မတော်အတွက် မည်သို့အကျိုးရှိရှိ အသုံးချမည်ကို အမြဲတမ်းကြံဆ လုပ်ဆောင်နေကြရမှာဖြစ်သလို ကျိုးကြောင်း ဆီလျော်သည့် ပညာရှင်ဆန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူဖြစ်စေရန် အင်ဂျင်နီယာပညာဒဿန(Engineering Philosophy) များကို မူဝါဒချမှတ်ပြီး သင်ကြားစေခဲ့တာ ဖြစ်ကြောင်း၊ ထို့အပြင် အင်ဂျင်နီယာဘွဲ့ရ တစ်ဦးတွင် ရှိရမည့်ဂုဏ်ရည်အမှတ်လက္ခဏာတွေ (Graduate Attributes)နှင့် ပြည့်စုံရန်လည်း စည်းကမ်းတကျ သင်ကြားလေ့ကျင့် ပေးခဲ့ပြီးဖြစ်ကြောင်း။

ထို့ကြောင့် အရည်အသွေးအာမခံမှုရှိသည့် အင်ဂျင်နီယာပညာရေး စနစ်တစ်ခုမှ ပေါက်ဖွား လာသည့် မျိုးဆက်သစ်အင်ဂျင်နီယာ များ၏ ပေါင်းစည်းလုပ်ဆောင်မှုဖြင့် “အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ် ဖြစ်အောင် တည်ဆောက်သည့်နေရာတွင် အတတ်ပညာရှင်၊ အသိပညာရှင် အခန်းကဏ္ဍမှ မိမိတို့တတ်စွမ်းသရွေ့ ကြိုးပမ်း လုပ်ဆောင်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနေခြင်း ဖြစ်ပြီး “ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward To Achieve Our Goal) ဆိုသည့်အတိုင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လူမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့ တတ်စွမ်းသည့် ပညာရပ်ဖြင့် အားကြိုးမာန်တက် လုပ်ဆောင်သွားကြရမှာ ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးကောင်းမွန်လာအောင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများကိုလည်း နိုင်ငံအဝန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ဆောင်ရွက်နေသည့်နေရာတွင် တို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်း၊ ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်နေပြည်သူများဖြစ်ခြင်း တို့ကြောင့် စိုက်ပျိုးရေး/မွေးမြူရေးကို အခြေခံပြီး မိမိဒေသအလိုက်ရနိုင်သည့် ဒေသထွက်ကုန်ကြမ်းများမှ တစ်ဆင့် ကုန်ချောအဆင့်အထိ ထုတ်ကုန်လုပ်ငန်း မျိုးစုံ တိုးမြှင့်ထုတ်လုပ်ခြင်း၊ တစ်နည်းအားဖြင့် Importer မှသည် Exporter သို့ ပြောင်းလဲနိုင်သည် အထိ ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တိုက်တွန်းနှိုးဆော်ခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ၁၀ ကြိမ် သွားရောက်ကာ MSME လုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်အောင်မြင် လာစေရေးအတွက် ကွင်းဆင်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခြင်း၊ အကြံပေးခြင်း အပါအဝင် ပံ့ပိုးဖြည့်ဆည်းမှုများကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လျင်မြန်စွာအရှိန်အဟုန်ဖြင့် အောင်မြင်တိုးတက်ဖွံ့ဖြိုးလာစေရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနဲ့ကျေးလက် အခြေခံ အဆောက်အအုံ များတည်ဆောက်ရေး၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍမြှင့်တင်နိုင်ရေး စသဖြင့် ကဏ္ဍစုံတို့တွင် စစ်ဘက်/ အရပ်ဘက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များက ကျရာ အခန်းကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းလျက် တစ်တပ်တစ်အား ကူညီဆောင်ရွက် ပေးကြရမှာပင်ဖြစ်ကြောင်း။

ထို့အပြင် အချို့နိုင်ငံများတွင် စက်သုံးဆီ ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံးယာဉ် (Electric Vehicle)များကို အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ အသုံးပြုလျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင်းလည်း လျှပ်စစ်ဓာတ်အားအသုံးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသလို လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုလည်း အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် (Renewable Energy)ဖြစ်သည့် ရေအားလျှပ်စစ်အရင်းအမြစ်တွေ၊ လေအား လျှပ်စစ်၊ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်တို့ကို တိုးတက်ထုတ်လုပ်နိုင်ရန်လိုအပ်သလို နျူကလီးယားစွမ်းအင် အထိပါ အသုံးပြုနိုင်စွမ်းရှိသည်အထိ ဆောင်ရွက်ကြရမှာဖြစ်ပြီး ထိုသို့ လုပ်ငန်းနယ် ပယ်များဖွံ့ဖြိုးတိုးတက်ရေးတွင် အင်ဂျင်နီယာပညာရှင်များ၏ အခန်း ကဏ္ဍသည်များစွာ အရေးပါ လာမှာဖြစ်ကြောင်း။

တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံ တတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ပြည့်စုံသည့် နောက်လိုက်ကောင်း ဖြစ်ခဲ့မှသာလျှင် ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ တပ်မတော်သားအားလုံးသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပေါ် အခြေခံပြီး တပ်မတော်ထဲသို့ မည်သူတစ်ဦး တစ်ယောက်ကမျှ တိုက်တွန်းနှိုးဆော်၍ ဝင်ရောက်ရခြင်းမဟုတ်ဘဲ မိမိစိတ်ဆန္ဒအလျောက် ဝင်ရောက်ခဲ့ကြတာဖြစ်သဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမှာ ဖြစ်ကြောင်း၊ ရဲဘော်တို့ အနေဖြင့် စစ်ဘက်ခေါင်းဆောင် ငယ်များဖြစ်သဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ရှိရန် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ နေထိုင်ကျင့်ကြံကြရန်နှင့် မိမိကိုယ်ကို တိုးတက်အောင် အမြဲလေ့လာလေ့ကျင့် နေကြရမှာ ဖြစ်ကြောင်း။

စွမ်းရည်ရှိသည့် တပ်မတော်တစ်ရပ် ဖြစ်လာစေရေးသည် တပ်မတော်သားများနှင့် အဓိကသက်ဆိုင်ပြီး စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ဖြစ်စေရေးအတွက် နိုင်ငံတော်အပိုင်းက ဆောင်ရွက်ပေးမှာပင်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးတွင် ဦးစီးခေါင်းဆောင်ငယ်များ ဖြစ်ကြမည့် ရဲဘော်တို့ တစ်ဦးချင်းအနေနှင့် ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ်ဆောင်ရွက်ပြီး အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်မှုများကို စည်းကမ်းစနစ် တကျ လုပ်ဆောင်သွားကြရမှာ ဖြစ်ကြောင်း။ ထူးချွန်ခြင်း၊ ကျွမ်းကျင်ခြင်းသည် တာဝန်တစ်ခု၊ နယ်ပယ် တစ်ခုအတွက်သာဖြစ်ပြီး ဘက်ပေါင်းစုံမှ တွေးခေါ်မြော်မြင်မှု ကောင်းစွာ ဆောင်ရွက် တတ်ခြင်းသည်သာ ခေါင်းဆောင်မှုကောင်းခြင်းဖြစ်ပြီး ထိုသို့ဖြစ်ရန်အတွက် မိမိကိုယ်တိုင် လေ့လာအားထုတ် ကြိုးစားလုပ်ဆောင်သွား ကြရန်တိုက်တွန်း မှာကြားလိုကြောင်း။

တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်များ အစဉ်ထက်မြက် နေအောင်လည်း လေ့ကျင့်ဆောင်ရွက် နေကြရမှာဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်ပြီး စစ်သည်တော် ကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံပြီး ထုတ်ပြန် ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ မူဝါဒများကို တိကျစွာလိုက်နာဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ တပ်တွင်း စည်းလုံးညီညွတ်ရေးသည် တပ်မတော်အတွက် အရေးကြီးပြီး တပ်ဖွဲ့များအချင်းချင်း၊ မိသားစုဝင်များအချင်းချင်း စည်းလုံးညီညွတ်မှုရှိနေပါက မည်သူတစ်ဦးတစ်ယောက်ကမျှ ဖြိုခွဲလို့ရနိုင်မှာ မဟုတ်ကြောင်း၊

ယနေ့အချိန်အခါတွင် တပ်တွင်းစည်းလုံးညီညွတ်မှုပြိုကွဲစေရန်နှင့် တပ်မတော် အင်အားချည့်နဲ့စေရန် နိုင်ငံကြီးအချို့အပါအဝင် တိုင်းပြည်၏သစ္စာဖောက် လောက် ကောင်များကနည်းမျိုးစုံကြိုးပမ်း ဆောင်ရွက်နေတာဖြစ်သဖြင့် အဆင့်လိုက် ခေါင်းဆောင် များအနေနှင့် စစ်စည်းကမ်း၊ အုပ်ချုပ်မှုဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက်များအပြင် တပ်မတော် (ကြည်း၊ရေ၊လေ) လုပ်ငန်းလမ်းညွှန်ပါ ကျင့်ဝတ်အပါး ၆၀ ကိုလည်း တိကျမှန်ကန်စွာ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားမှသာလျှင်တပ်တွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်နိုင်မှာဖြစ်ကြောင်း။

တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာရန် သာမက တပ်မတော်သားများသည် မိဘပြည်သူများနှင့်လည်း ရေကိုသားလို့အကြားမထင်သလို လက်ရည်တစ်ပြင်တည်း စည်းလုံးညီညွတ်မှုခိုင်မာရန်လည်းအရေးကြီးကြောင်း၊ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထား သည့်တစ်ခု တည်းသော တပ်မတော်ဖြစ်တာနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးရမှာဖြစ်သည့်အပြင် ပြည်သူတွေ၏ နေ့စဉ်လူမှုဘဝ လုံခြုံရေးကိုလည်း ဘက်ပေါင်းစုံက တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးရမှာ ဖြစ်ကြောင်း။

တပ်မတော်သည် စနစ်တကျဖွဲ့စည်းထားပြီး မြဲ ၃ မြဲ အမြဲအသင့်ရှိသည့် အဖွဲ့အစည်း ဖြစ်တာနှင့်အညီ ပြည်သူလူထုအပေါ် မမျှော်မှန်းနိုင်သည့် သဘာဝဘေး အန္တရာယ်များကျရောက် ခဲ့ရင်လည်း လူသားချင်းစာနာထောက်ကူမှုနှင့် သဘာဝဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော်ဝန်ကြီးချုပ်၏ “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဆိုသည့်အတိုင်း အမိန့်စောင့်ရန်မလိုဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်းဖြင့်လည်း မိဘပြည်သူများ အနေနှင့် တပ်မတော်သားများအပေါ် ယုံကြည်အားကိုးအလေးထားမှုပိုမိုရရှိကာ စစ်ဘက်/ အရပ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မှု တိုးတက်ကောင်းမွန်ပြီး နိုင်ငံ၏ ရေရှည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် တစ်စည်းတစ်လုံးတည်း လက်တွဲညီညာစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း။

သမားရိုးကျစစ်ဆင်ရေးများကို အဆင့်မီ ဆင်နွှဲနိုင်စွမ်းရှိသည့် ခေတ်မီတပ်မတော်တစ်ရပ် (Standard Army) တည်ဆောက်ရာတွင် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲနေသည့် နည်းပညာရပ်များကို မျက်ခြည်မပြတ်ကြိုးစား လေ့လာသင်ယူကြရန်၊ မိမိတို့တာဝန်ထမ်းဆောင်ရသည့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်အောင် ဆက်လက်လေ့လာဆည်းပူးပြီး “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် တပ်မတော်၏ လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ပြီး တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြှင့်တင်နိုင်ရေး ကြိုးပမ်းလုပ် ဆောင်သွားကြရန်၊ ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ်ဆောင်ရွက် တတ်ပြီးစည်းကမ်းစနစ် တကျရှိသည့် စစ်ဘက်ခေါင်းဆောင်ငယ်များအဖြစ် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ နေထိုင်ကျင့်ကြံသွားပြီး မိမိကိုယ်ကိုတိုးတက်အောင် အမြဲကြိုးစားအားထုတ် သွားကြရန်၊ နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ဆောက် ရေးကဏ္ဍများတွင် မိမိတို့တတ် ကျွမ်းသည့် အင်ဂျင်နီယာဘာသာရပ်နှင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပြီး တပ်မတော်၊ တိုင်းပြည်နှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားလုပ်ဆောင် သွားကြရန်လိုကြောင်း ဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃)ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ခဲ့ကြောင်းနှင့် ညစာမသုံးဆောင်မီနှင့် သုံးဆောင်‌နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေ ကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,