တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂ဝ)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂ဝ)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / December 29, 2022
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၉

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အတူ ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ရန်ကုန်တပ်နယ်မှတာဝန်ရှိသူများ၊ ကျောင်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့်ဧည့်သည့်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်းက သင်တန်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများအား စစ်ဆေးသည်။ ၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကျောင်းဆင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းက တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂ဝ)မှ အကောင်းဆုံးသင်တန်းသားဆုရရှိသူ သင်တန်သား ဆလိုင်းပြည့်စုံအောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသား ကျော်ဇင်ထက်နှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသားဝေလင်းအောင် တို့အားဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်းသည် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၇)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူဖွေးသန့်စင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူဆုလဲ့နန္ဒာနှင့် စာပေထူးချွန်ဆုရရှိသူ သင်တန်းသူ ယွန်းယွန်းဝေတို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်းက မိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၇)တို့၏ သင်တန်းဆင်းသည့်နေ့ဖြစ်ပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် အားသစ်လောင်းသည့်နေ့တစ်နေ့ဖြစ်၍ ဂုဏ်ယူဖွယ်ရာ ထူးခြားလေးနက်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအဖြစ် တာဝန်ကျရာတပ်အသီးသီးကို သွားရောက်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင် ကိုယ်စားမှာကြားစရာရှိတာများကို အလေးအနက်ထား မှာကြားသွားမှာဖြစ်ကြောင်း။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်သည် “ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့်ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်” ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ သူနာပြုစိတ်ဓာတ်ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာနည်းပညာကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် သင်ကြားမွေးထုတ်ပေးလျက်ရှိကြောင်း၊ ယင်းသို့ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် သင်တန်းဆင်းသည့် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၇)အထိ “ကျွမ်းကျင်၊ ကူညီ၊ ဆေးစစ်သည်” များအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြုတပ်ဖွဲ့ဝင်များ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များသည် မရှိမဖြစ်အရေးပါသည့်အခန်းကဏ္ဍက ပါဝင်နေသည့်သူများဖြစ်၍ အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် လေ့ကျင့်မွေးမြူပေးလျက်ရှိကြောင်း၊ သမိုင်းကြောင်းကိုပြန်ကြည့်လိုက်လျှင် ၁၉၅၉ ခုနှစ်တွင် စစ်သူနာပြုသင်တန်းတပ်ဆွယ်ကာလတွင် အမျိုးသမီးစစ်သူနာပြု အရာရှိလောင်းသင်တန်း အမှတ်စဉ် (၁) မှ (၁၆) အထိဖွင့်လှစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် သူနာပြုသိပ္ပံဘွဲ့ အမျိုးသမီးဗိုလ်လောင်းသင်တန်းကို အမှတ်စဉ် (၁) မှ အမှတ်စဉ် (၄)အထိ တပ်မတော်ဆေးတက္ကသိုလ်၌ လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကို စတင်ဖွင့်လှစ်ကာ အမျိုးသားများနှင့် အမျိုးသမီးများကိုပါ သူနာပြုသိပ္ပံဘွဲ့သင်တန်းများ တက်ရောက်စေခဲ့ကြောင်း၊ အရပ်ဘက်တက္ကသိုလ်များက သူနာပြုသိပ္ပံဘွဲ့ရရှိခဲ့ပြီး မိမိသဘောဆန္ဒအလျောက် တပ်မတော်သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် လျှောက်ထားဆန္ဒပြုခဲ့သူများကိုလည်း လိုအပ်သည့် အခြေခံစစ်ပညာသင်တန်းများ တက်ရောက်စေခဲ့ပြီး သူနာပြုတပ်ဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ထမ်းဆောင်စေနိုင်ခဲ့ကြောင်း။

အခြေခံဘွဲ့သင်တန်းဆင်းပြီး အချိန်ကာလတစ်ခုအထိ စစ်မြေပြင်ဆေးအကာအကွယ်ပေး တာဝန်ထမ်းဆောင်ပြီးပါက အရည်အချင်းပြည့်မီသူများကို စိစစ်ရွေးချယ်ပြီး မဟာဘွဲ့သင်တန်းများ ဆက်လက်တက်ရောက်စေလျက်ရှိကြောင်း၊ မဟာသိပ္ပံဘွဲ့ သင်တန်းများအပြင် သူနာပြုပါရဂူဘွဲ့သင်တန်း၊ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ ပါရဂူဘွဲ့သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် အခြားလိုအပ်သည့် ဘာသာရပ်ဆိုင်ရာပါရဂူဘွဲ့သင်တန်းများ ထပ်မံဖွင့်လှစ်နိုင်ရေးလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။

သင်ကြားရေးအပိုင်းတွင် ပိုမိုထိရောက်စေရန် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းမနှင့် နည်းပြလိုအပ်ချက်များကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် လိုအပ်ချက်အပေါ်မူတည်ပြီး ဘက်ပေါင်းစုံက ဖြည့်ဆည်းပေးလျက်ရှိ၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင်လည်း ပြည်ပနိုင်ငံ ၁၁ နိုင်ငံတွင်ရှိသည့် သူနာပြုနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်များတွင် ပါရဂူဘွဲ့၊ မဟာသိပ္ပံဘွဲ့များနှင့် ဒီပလိုမာဘွဲ့များကို စေလွှတ်တက်ရောက်စေလျက်ရှိရာ ယခုဆိုလျှင် သင်တန်းသား ၁၃၇ ဦး တက်ရောက်အောင်မြင်ခဲ့ကြပြီးဖြစ်ကြောင်း။

ယင်းသို့ ပြည်ပသင်တန်းများတက်ရောက်စေခြင်းသည် နိုင်ငံတကာစံနှုန်းနှင့်အညီ ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်ချိန်တွင် အရည်အချင်းပြည့်ဝသည့် သူနာပြုနှင့်ဆေးဘက်ပညာသည်များဖြစ်လာအောင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနေခြင်းဖြစ်၍ လက်တွေ့နယ်ပယ်ရောက်ရှိချိန်တွင် အမိတက္ကသိုလ်ကြီးက သင်ကြားပေးခဲ့သည့်ပညာရပ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆောင်ရွက်သွားကြရန်နှင့် ပြည်တွင်းဆင့်ပွားသင်တန်းများကတစ်ဆင့် မိမိတတ်မြောက်ခဲ့သည့် ပညာရပ်ဆိုင်ရာဗဟုသုတများကို မျှဝေပေးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက မြန်မာ့တပ်မတော်နှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့ပြီး စစ်ဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြုနှင့်ဆေးဘက်ပညာရှင်များ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ ပေါ်ပေါက်လာမှုသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် စိန်ရတုနှစ်ပတ်လည်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေးရပြီးကတည်းက ယနေ့တိုင် ခေတ်အဆက်ဆက်တွင် တပ်မတော်၏ လက်ရုံးဝန်ထမ်းတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းသာယာရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့် စစ်ဆင်ရေးနှင့် နယ်မြေ စိုးမိုးရေးဆောင်ရွက်ရာတွင်လည်း ကျရာအခန်းကဏ္ဍ၌ ပါဝင်ထမ်းဆောင်ခဲ့ကြကြောင်း။

ထို့အပြင် လူသားအားလုံးအခြေခံလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေးပြည့်ဝစွာနှင့် ငွေကြေးအခက်အခဲမရှိဘဲ ရယူနိုင်ရမည်ဆိုသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ကျန်းမာရေးလွှမ်းခြုံမှု ပန်းတိုင်အတိုင်းပင် တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းတပ်ဖွဲ့များ၌ တပ်မတော်သားများနှင့် မိသားစုဝင်များကို  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ စစ်မြေပြင်လက်တွေ့ဆေးအကာအကွယ် ပေးရေးလုပ်ငန်းများသာမက ခေတ်အဆက်ဆက်ဒေသတွင်း ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အကုန်အကျအနည်းဆုံးဖြင့် ရောဂါပျောက်ကင်းစေရေး တစ်ဖက်တစ်လမ်းကလည်း ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ကြကြောင်း။

နိုင်ငံတော်အစိုးရအဆက်ဆက် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူလူထုကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်သည့် နေရာတွင်လည်း တစ်ဖက်တစ်လမ်းက အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးနိုင်ရန်အတွက် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစ၍ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကို အင်တိုက်အားတိုက်တိုးမြှင့်ဆောင်ရွက်ပေးရာတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများသည် ပြည်သူ့အကျိုးပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသနှင့် ကျေးလက်ဒေသများပါမကျန် ကိုယ်တိုင်ကိုယ်ကျသွားရောက် စောင့်ရှောက်ကုသပေးခဲ့ကြကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်သား အရာရှိ/ စစ်သည် ကျွမ်းကျင်သူများအပြင် ဆေးဘက်ဆိုင်ရာဆေးဝါးများ၊ ကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများပါဝင်သည့် ရွေ့လျားဆေးကုသမှုယာဉ်များဖြင့် ပါဝင်ဖွဲ့စည်းဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ရေလမ်းကြောင်းတစ်ခုတည်းသာ အားကိုးအားထားပြုပြီးသွားလာနေကြရသည့် နေရာမျိုးများသို့လည်း မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)တို့ဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတမ်းဒေသများရှိ ပြည်သူလူထုများကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း။

ထို့အပြင် ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များကြုံတွေ့ရသည့် အချိန်တိုင်းတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိလို့” မှာကြားထားသည့်အတိုင်း တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည်လည်း အချိန်၊ နေရာဒေသ၊ လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်နိုင်ရန် ကယ်ဆယ်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

၎င်းအပြင် သင်ကြားရေးဆောင်ရွက်ရင်း ကိုဗစ်-၁၉ရောဂါကူးစက်မှု အမြင့်ဆုံးအချိန်တွင်လည်း စာတွေ့မှလက်တွေ့ဆီသို့ပြောင်းလဲကာ လိုအပ်ချက်အရ အသက်အန္တရာယ်နှင့် ဆိုးရွားပြင်းထန်သည့် ရောဂါကူးစက်ခံရနိုင်မှုကို မကြောက်မရွံ့နောက်မတွန့်ဘဲ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့်ပါဝင်ဆောင်ရွက်ခဲ့ခြင်းကိုလည်း ဂုဏ်ယူဖွယ်တွေ့မြင်ခဲ့ရကြောင်း၊ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် သူနာပြုတပ်ဖွဲ့ဝင်ကောင်းများအဖြစ် ကျရာတာဝန်ကို ဆက်လက် ကျေပွန်စွာထမ်းဆောင်နိုင်စေရန် မိမိတို့၏ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်အသီးသီးတွင် အရည်အချင်း၊ အရည်အသွေး ပြည့်မီသူများဖြစ်အောင် အမြဲမပြတ်ဖြည့်ဆည်းကြိုးစားကြရန် လိုကြောင်း။

သူနာပြုပညာရပ်သည် ကျန်းမာရေးကဏ္ဍတွင် အရေးပါသည့်ပညာရပ်တစ်ရပ်ဖြစ်ကြောင်း၊ သူနာပြုများသည်လည်း ကရုဏာတရားကြီးမားပြီး ကြင်နာတတ်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူ၊ စေတနာထက်သန်သူ၊ စိတ်ထားမွန်မြတ်သူ၊ အပင်ပန်း အဆင်းရဲခံနိုင်သူ၊ ကိုယ်ကျင့်သိက္ခာကောင်းမွန်သူ စသည့်အင်္ဂါရပ်များနှင့် ထူးထူးကဲကဲ ပြည့်စုံသူများဖြစ်ကြောင်း၊ စေတနာနှင့်အကြင်နာဆိုသည် အလွန်ထိရောက်သည့် စိတ်ပိုင်းဆိုင်ရာကုထုံးဖြစ်သည့်အပြင် လူနာ၏ယုံကြည်လေးစားမှု ချစ်ခင်မှုများကို ရရှိစေနိုင်ကြောင်း၊ သူနာပြုတစ်ဦးအနေဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်ပေးရာတွင် ကျန်းမာရေးဆိုင်ရာပညာပေးသူ၊ ဆွေးနွေးအကြံပြုသူ၊ ပြုစုစောင့်ရှောက်ပေးသည့်သူ စသည့် အသွင်သဏ္ဌာန်မျိုးစုံနှင့် ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းစဉ်များတွင် ပါဝင်နေကြခြင်းဖြစ်ပြီး သူနာပြုတစ်ဦး၏ အပြောအဆို၊ အပြုအမူသည် လူနာ၏ စိတ်ဓာတ်ခွန်အားများ လန်းဆန်းတက်ကြွစေနိုင်ပြီး ကုသမှုကို ထိရောက်စေကြောင်း။

ထို့ကြောင့် သူနာပြုကောင်းတစ်ဦးဖြစ်စေရန် အရေးကြီးဆုံးသည် “ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ” ဆိုသည့် နာ ၅ နာနှင့် ပြည့်စုံနေရန်လိုအပ်ကြောင်း၊ ထိုသို့ ထားရှိရမည့်အခြေခံကောင်းများကို လေးနှစ်တာသင်တန်းကာလအတွင်း၌ သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် သူနာပြုကောင်းတစ်ဦးတွင်ထားရှိရမည့် လူသားဆန်သည့်စိတ်ဓာတ်များဖြစ်သည့် တည်ငြိမ်ရဲရင့်မှု၊ မြှုပ်နှံစုစည်းမှု၊ အသိဉာဏ်ရှိမှု၊ ခံနိုင်ရည်ရှိမှု၊ စိတ်အားထက်သန်မှု၊ ကိုယ်ချင်းစာစိတ်ရှိမှုများနှင့်ပြည့်ဝနေစေရန် မိမိကိုယ်ကို အမြဲမပြတ်ဖြည့်ဆည်းလေ့ကျင့်နေရမှာပင်ဖြစ်ကြောင်း။

သူနာပြုစိတ်ဓာတ်၏ အခြေခံညွှန်းဆိုချက်သည် “လူနာ၏စိတ်ရောကိုယ်ပါ ကျန်းမာရေးနှင့် ခံစားမှုဆိုင်ရာကောင်းမွန်ရေး” ပင်ဖြစ်ကြောင်း၊ သူနာပြုစိတ်ဓာတ်ကောင်းများနှင့် ပြည့်စုံနေမည်ဆိုလျှင် မည်သည့်နေရာဒေသတွင်မဆို ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားနိုင်မည်ဖြစ်ပြီး တပ်မတော်သားမိသားစုဝင်များနှင့် ပြည်သူလူထုက အားကိုးအားထားပြုရသည့် သူနာပြုကောင်းများ ဖြစ်လာမှာပင်ဖြစ်ကြောင်း။

ထို့အပြင် သူနာပြုများခံယူအပ်သည့် သူနာပြုအဓိဋ္ဌာန်ကတိသစ္စာ ၉ ချက်ကိုလည်း တည်ကြည်ဖြောင့်မတ်မြဲမြံစွာ စောင့်ထိန်းလိုက်နာသွားကြရန် အထူးလိုအပ်ကြောင်း၊ မည်သို့ပင် တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်များဖြင့် တိုက်ပွဲဝင်ကြသည့် တပ်မတော်သား အရာရှိ/ စစ်သည်များ ဒဏ်ရာအနာတရဖြစ်ချိန်၊ ကျန်းမာရေးချို့ယွင်းချိန်များတွင် လူသားများပီပီပြုစုစောင့်ရှောက်သူများ၏ အကြင်နာ၊ ကရုဏာကို တမ်းတလိုချင်ကြခြင်းဖြစ်၍ လူနာအားလုံး၏ ကိုယ်ရောစိတ်ပါကျန်းမာရေးကို မိမိ၏အရေးကိစ္စကဲ့သို့သဘောထားပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးရန်လိုအပ်၍ မိမိ၏ ကျင့်ဝတ်နှင့်ဂုဏ်သိက္ခာကိုလည်း တန်ဖိုးထားမြှင့်တင်ရမှာဖြစ်ကြောင်း။

အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် နည်းပညာခေတ်တွင် စစ်ဆင်မှုပုံစံများနှင့် ကျင့်သုံးသည့်စစ်နည်းဗျူဟာများကလည်း တိုးတက်ပြောင်းလဲလျက်ရှိကြောင်း၊ ယနေ့ခေတ်သစ်စစ်ပွဲများတွင် အချိုးညီဘက်စုံစစ်ပွဲအသွင်၊ အချိုးမညီဘက်စုံစစ်ပွဲအသွင် သီးသန့်စီဖြစ်စေ၊ ပေါင်းစပ်ပြီးဖြစ်စေ ကျင့်သုံးသည့်စစ်ဆင်မှုအမျိုးမျိုးကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် တိုက်ပွဲများဖော်ဆောင်နေကြခြင်းဖြစ်ကြောင်း။

ယနေ့ကမ္ဘာကြီးသည်လည်း ကမ္ဘာ့ရွာကြီးပုံစံဖြစ်ပေါ်နေသည့်အတွက် နိုင်ငံတိုင်းသည် ထီးတည်းနေ၍မရဘဲ ကိုယ်ကျိုးစီးပွားတူညီသူအချင်းချင်း လက်တွဲဆောင်ရွက် နေကြရကြောင်း၊ ထို့အပြင် ကိုယ်ကျိုးစီးပွားတူအချင်းချင်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပူးပေါင်းဆောင်ရွက်ရာတွင် စစ်ဘက်ဆိုင်ရာကဏ္ဍများတွင်လည်း အတွေ့အကြုံရရှိစေရန် နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေခြင်း၊ တပ်ဖွဲ့အတွင်းပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အာဆီယံစစ်ဘက်ဆေးပညာညီလာခံ၊ အာဆီယံဓာတု၊ ဇီဝနှင့်ရေဒီယိုသတ္တုကြွဆိုင်ရာ ကာကွယ်ရေးကျွမ်းကျင်ပညာရှင်များ ကွန်ရက်၊ အာဆီယံတပ်မတော်ဆေးဘက်ဆိုင်ရာ ဗဟိုဌာန၊ အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းမှုဗဟိုဌာန စသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံဆေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ဆေးတက္ကသိုလ်များညီလာခံ၊ နိုင်ငံတကာစစ်ဘက် ဆေးပညာဆိုင်ရာကော်မတီများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံခြင်းများ ဆောင်ရွက်စေလျက်ရှိပြီး ရရှိလာသည့် အတွေ့အကြုံဗဟုသုတများကိုအခြေခံပြီး တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ဆက်လက်လေ့ကျင့်ပေးသွားရမည်ဖြစ်ကြောင်း။

ထို့အပြင် အနာဂတ်ကာလတွင် Artificial Intelligence (AI) နည်းပညာရပ်သည် ဆေးကုသမှုဆိုင်ရာနယ်ပယ်ထဲ၌ အနှေးနှင့်အမြန်ဆိုသလို ဝင်ရောက်လာနေခြင်းဖြစ်သည့်အတွက် ဆေးပညာသင်ကြားရေး (Medical Education) တွင် ဆရာဝန်နှင့် သူနာပြုသင်တန်းသား၊ သင်တန်းသူများကို AI နည်းပညာနှင့်ရင်းနှီးအောင် သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာစံနှုန်းနှင့်နှိုင်းယှဉ်ပြီး လိုအပ်သလို ပြောင်းလဲပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း။

ပညာဗဟုသုတရှာမှီးမှု (Knowledge Acquisition) ကိုအခြေခံသည့် သင်ကြားမှုစနစ်ကနေ ဗဟုသုတစီမံခန့်ခွဲမှုနှင့် ဆက်သွယ်ဆောင်ရွက်မှု (Knowledge Management and Communication) ကိုအခြေခံသည့် သင်ရိုးညွှန်းတမ်းမျိုးဖြစ်အောင် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုအပ်ပြီး ခေတ်နှင့်လျော်ညီသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ဆရာဝန်များနှင့် သူနာပြုများကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

တပ်မတော်သည် တိုင်းပြည်၏အစိတ်အပိုင်း၊ ပြည်သူများ၏အစိတ်အပိုင်းပင်ဖြစ်ပြီး တပ်မတော်သားများသည် တိုင်းရင်းသားပြည်သူများမှ မွေးဖွားလာကြသူများ၊ မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်း၍မဟုတ်ဘဲ မိမိဆန္ဒအရ တပ်မတော်အတွင်းသို့ စစ်မှုထမ်းများအဖြစ် ဝင်ရောက်လာကြသူများဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်၏အဓိကတာဝန်က နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်ခြင်းနှင့်အညီ ပြည်တွင်းနှင့် ပြည်ပရန်စွယ် အန္တရာယ်ဟူသမျှကိုလည်း လွတ်လပ်‌ရေးရပြီးသည့် နောက်ပိုင်းမှစ၍ ယနေ့တိုင် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်၌ ကာကွယ်ခဲ့၊ ကာကွယ်ဆဲဖြစ်ကြောင်း။

ယနေ့အချိန်ကာလသည် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းခိုင်မာစေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ချမှတ်ပြီး နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေး ရည်မှန်းချက်များထားရှိ၍ နိုင်ငံတော်ကို အားသွန်ခွန်စိုက်ကြိုးပမ်းတည်ဆောက်နေချိန် ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်သည့်နေရာတွင် နိုင်ငံအဝန်းတည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်အထူးပင်လိုအပ်ကြောင်း၊ တို့အတွက်ကြောင့်လည်း လွတ်လပ်ရေးရပြီးကတည်းက (၇၅)နှစ်ကြာသည်အထိ နယ်ချဲ့ကိုလိုနီများ၏ သွေးခွဲမှုအမျိုးမျိုးကြောင့် နိုင်ငံရေးအယူအဆများ၊ လူမျိုးရေးအယူအဆများ၊ ဘာသာရေးအယူအဆများ စသည့် အယူအဆအမျိုးမျိုးကြောင့် ပဋိပက္ခအမျိုးမျိုးကို ပြည်သူများအများစု ခါးစည်းခံခဲ့ရမှုများလည်းရှိနေခဲ့၊ ရှိနေဆဲဖြစ်ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းတည်ငြိမ်ပြီး အမြန်ဆုံးတိုးတက်ဖွံ့ဖြိုးရေးအတွက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြိုတင်ကန့်သတ်ချက်မထားဘဲ ထာဝရငြိမ်းချမ်းရေးအတွက် ပွင့်လင်းမြင်သာစွာဖိတ်ခေါ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် အဖွဲ့အစည်းခေါင်းဆောင်များအား လက်ခံတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံမှုအခြေအနေ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို လက်ခံမှုအခြေအနေ ၂ ချက်အပေါ် အပြန်အလှန်ဆွေးနွေးပြီးနောက် လက်ခံကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့အား အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု ညှိနှိုင်းရေးကော်မတီဖြင့် အသေးစိတ်ဆွေးနွေးမှုများကို အပြုသဘောဆောင်လျက် အပြန်အလှန်ဆွေးနွေးလျက်ရှိကြောင်း။

ထိုသို့ တပ်မတော်နှင့် တိုက်ရိုက်ထာဝရငြိမ်းချမ်းရေးရရှိစေရေး ဖိတ်ခေါ် ဆွေးနွေးခဲ့ခြင်းသည်လည်း လွတ်လပ်ရေးရပြီး (၇၅)နှစ်တာကာလအတွင်း ပဋိပက္ခ အမျိုးမျိုးကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လာခဲ့ကြသည့် တစ်မြေထဲနေ၊ တစ်ရေတည်းသောက်သွေးချင်းညီအစ်ကိုမောင်နှမများ၏ ခံစားခဲ့၊ ခံစားကြရဆဲ ပဋိပက္ခ ဆိုးကျိုးများချုပ်ငြိမ်းပြီး နိုင်ငံတော်ကြီး အမြန်ဆုံးခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ဖြစ်စေရန်ပင်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် ကျရာအခန်းကဏ္ဍက တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ရပ်နှင့် သမိုင်းကြောင်းများကို အမြဲလေ့လာမှတ်သားနေရန်လိုအပ်ကြောင်း။

တပ်မတော်အနေနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် သမိုင်းကပေးအပ်လာသည့် အမျိုးသားနိုင်ငံရေးတာဝန်များကို အောင်မြင်စွာထမ်းရွက်နိုင်ရန် တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ထားရန်လိုအပ်ကြောင်း၊ တပ်မတော်သား အဆင့်အတန်းအားလုံးနှင့် မိသားစုဝင်များသည် ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်ဆိုသည့်အတိုင်း စုစည်းကျစ်လျစ်ခိုင်မာနေရန် အထူးလိုအပ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်ခြင်းနှင့်အညီ လူမှုကွန်ရက်အမျိုးမျိုးကို နည်းမျိုးစုံအသုံးချပြီး တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲရေးကိုပြုလုပ်နေကြသလို Main Stream Media များကလည်း တပ်မတော်နှင့် တပ်မတော်သားများအပေါ်ကို နိုင်ငံတကာ၌ ပုံရိပ်ဆိုးများအဖြစ် နားလည်မှုလွဲမှားစေရေး ပုံဖော်နေလျက်ရှိခြင်းကိုလည်း သတိပြုကြရန်လိုအပ်ပြီး ထုတ်ပြန်ပေးထားသည့် Rule of Engagement (ROE) နှင့် Counter Insurgency Operation (CIO) တို့ကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တိကျစွာ လိုက်နာကြရန်လိုကြောင်း။

ထို့အပြင် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအောင်တည်ဆောက်ရမှာဖြစ်၍ တစ်ဖက်ကလည်း တပ်ပြင်စည်းရုံးရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်ချိန်တွင် ကူညီထောက်ပံ့ပေးခြင်းများသည် လက်တွေ့ပါသည့်စည်းရုံးရေးကို ဆောင်ရွက်နေခြင်းကို နားလည်သဘောပေါက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပြည်သူ တစ်သားတည်းဖြစ်အောင် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် တပ်ပြင်စည်းရုံးရေးကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။

စစ်သည်တော်ကောင်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရာတွင် တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန်အလံမလှဲသည့်စိတ်ဓာတ်၊ တပ်မတော်၏အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့်စိတ်ဓာတ် စသည့် တပ်မတော်၏ စိတ်ဓာတ်များကိုလည်း လေ့ကျင့်မွေးမြူထားကြရန်လည်းလိုအပ်ကြောင်း၊ ယခုလိုစိတ်ဓာတ်များရှိရန်၊ ခိုင်မာမြဲမြံနေရန် စစ်စည်းကမ်းသည် အဓိကကျောရိုးမဏ္ဍိုင်ပင်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် စစ်ဘက်ဥပဒေများအပြင် နယ်ဘက်ဥပဒေများကိုပါ စောင့်ထိန်းလိုက်နာကြရသည့်သူများဖြစ်၍ တားမြစ်ချက်၊ တိုက်တွန်းချက်များကို သိရှိလိုက်နာပြီး တိကျစွာ မိမိကိုယ်တိုင်နှင့် မိမိအဖွဲ့အစည်းပါ လိုက်နာကြရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးစုတစ်စု၊ အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်အောင်မြင်ရန်အတွက် အခြေခံအကျဆုံးသည် စည်းကမ်းကောင်းမွန်ရေးပင်ဖြစ်ကြောင်း။

ယနေ့ခေတ်မီဖွံ့ဖြိုးပြီးနိုင်ငံကြီးများကိုကြည့်လျှင် အခြေခံအားဖြင့် ပြည်သူအများစုသည် စည်းကမ်း၊ စိတ်ဓာတ် ကောင်းမွန်ကြံ့ခိုင်ကြသူများဖြစ်ကြသည်ကို တွေ့မြင်ကြရကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းမှအစ မိမိပါဝင်သည့်အဖွဲ့အစည်းကိုလည်း စည်းကမ်းစိတ်ဓာတ် ပြည့်ဝကြံ့ခိုင်ကောင်းမွန်အောင် ကြိုးပမ်းတည်ဆောက်ကြခြင်းဖြင့် အမိနိုင်ငံတော်ကြီး အမြန်ဆုံးခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

သစ္စာစောင့်သိမှုတရားသည် တပ်မတော်အား (၁၀)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်ကြောင်း၊ အမိန့်နာခံတတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ စည်းကမ်းကောင်းမွန်မှုများနှင့် ပြည့်စုံနေမည်ဆိုလျှင် မိမိတပ်ရင်း၊ တပ်ဖွဲ့၊ တပ်မတော်နှင့် ပြည်သူလူထုအပေါ်၊ နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိနေခြင်းပင်ဖြစ်၍ မိမိအဖွဲ့အစည်းနှင့် သေအတူရှင်မကွာ အတူတကွလက်တွဲတာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်ရဲဘက်များအပေါ်တွင်ထားရှိရမည့် သစ္စာစောင့်သိမှုသည် ပို၍အရေးကြီးကြောင်း။

တပ်မတော်နှင့် နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်လွှဲဆန့်ကျင်ရမှာပင်ဖြစ်ကြောင်း၊ အမိနိုင်ငံတော်ကြီးကို တစ်စိတ် တစ်ဝမ်းတည်းဖြစ်အောင်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ရင်းနှီးချစ်ခင် စည်းလုံးညီညွတ်မှုရရှိအောင်၊ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် မြတ်နိုးတန်ဖိုးထားပြီး ဝိုင်းဝန်းကြံဆောင်ကြခြင်းဖြင့် သစ္စာစောင့်သိမှုကို ပြသကြရမှာဖြစ်ကြောင်း။

ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲဘော်တို့သည်လည်း တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများကိုထိန်းသိမ်းပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးစီးပွားကို ကျရာအခန်းကဏ္ဍကနေ စွမ်းစွမ်းတမံထမ်းဆောင်သွားကြပြီး တပ်မတော်က ယုံကြည်အားထားဂုဏ်ယူရသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်သူနာပြုနှင့် ဆေးဘက်ပညာကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားတည်ဆောက်သွားကြရန်လိုကြောင်း။

သူနာပြုစိတ်ဓာတ်ပြည့်ဝပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသည့်သူနာပြုများ၊ ဆေးဝါး ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာနည်းပညာကျွမ်းကျင်သူများဖြစ်အောင် ဆက်လက်လေ့ကျင့်ဖြည့်ဆည်းသွားကြရန်၊ တပ်မတော်သားမိသားစုဝင်များကိုသာမက ပြည်သူလူထုတစ်ရပ်လုံးကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုများခံယူကျင့်သုံးအပ်သည့် အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်နှင့်အညီ စောင့်ထိန်းလိုက်နာသွားကြရန်၊ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို မြဲမြံခိုင်မာအောင်တည်ဆောက်သွားကြရန်၊ စိန်ရတုဆေးတပ်ဖွဲ့နေ့တိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ ကောင်းမြတ်သည့်သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းသည် ကျောင်းဆင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူစိုးဝင်းသည် တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၂၀)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီး သင်တန်းဆင်းသူနာပြုများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင် ကြသည်။

ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်း၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းသူနာပြုများနှင့်အတူ သဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,