တမူးမြို့နယ်၊ ရေအေးကျေးရွာအနီး အများပြည်သူဖြတ်သန်းသွားလာနေသောနေရာ၌ အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့စွာ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့၍ ကလေး ငယ် ၃ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ

တမူးမြို့နယ်၊ ရေအေးကျေးရွာအနီး အများပြည်သူဖြတ်သန်းသွားလာနေသောနေရာ၌ အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့စွာ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့၍ ကလေး ငယ် ၃ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ


Ministry of Home Affairs/ နေပြည်တော် / March 23, 2023


 စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ရေအေးကျေးရွာအနီး အများပြည်သူဖြတ်သန်းသွားလာနေသောနေရာ၌ အကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့စွာ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့၍ ကလေးငယ် ၃ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
   ဖြစ်စဉ်မှာ မတ်လ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ရေအေးကျေးရွာနေသူများဖြစ်ကြသည့် မောင်ကမ်ဂိုမန်(၉)နှစ် (ဘ)ဦးထန်ခိုဟောက်၊ မောင်ဟင်ခိုလင်(၁၂)နှစ် (ဘ)ဦးကမ်မင်းဟောက်နှင့် မောင်ကမ်မင့်စေး(၁၁)နှစ် (ဘ)ဦးသောင်းခိုဟောင် တို့သည် ကျေးရွာ၏အနောက်ဘက် ၃ ဖာလုံခန့်အကွာရှိ ယူးချောင်းတံတားအနီး၌ နွားကျောင်း နေစဉ် ချောင်းဘေးမှတွေ့ရှိသည့် အရှည် ၂ လက်မကျော်ခန့်ရှိ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် အလုံး ၁ လုံးအား ဆော့ကစားရန် ယူဆောင်လာခဲ့ပြီး ကျေးရွာအလယ်ရှိ ရေတွင်းအနီးသို့ ရောက်ရှိကာ အဆိုပါ ကော်ပိုက်လုံးအား ပစ်ပေါက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မောင်ကမ်ဂိုမန်၊ မောင်ဟင်ခိုလင်နှင့် မောင်ကမ်မင့်စေးတို့ ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တမူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
   ထိုသို့ အများပြည်သူ နေထိုင်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများနှင့် ဖြတ်သန်းသွားလာ နေသည့်နေရာများ၌ ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ခဲ့၍ ကလေးငယ်များအား ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည့်  အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,