တရားစီရင်ထုံးအကြောင်းအရာရှာဖွေခြင်းစနစ် RULING CONTENT MANAGEMENT SYSTEM (RCMS) အကြောင်း ရှင်းလင်းဆွေးနွေးပွဲ ONLINE ဖြင့်ကျင်းပ

တရားစီရင်ထုံးအကြောင်းအရာရှာဖွေခြင်းစနစ် RULING CONTENT MANAGEMENT SYSTEM (RCMS) အကြောင်း ရှင်းလင်းဆွေးနွေးပွဲ ONLINE ဖြင့်ကျင်းပ


The Supreme Court of the Union/ NayPyiTaw / July 01, 2023
1-7-2023 News1.jpg


နေပြည်တော်၊ ဇူလိုင် ၁

 

တရားစီရင်ထုံးအကြောင်းအရာရှာဖွေခြင်းစနစ် RCMS အကြောင်း Online ဖြင့် ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀၀၀ နာရီအချိန်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဦးဆောင်ကျင်းပခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းအောင်က အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ e-Government ဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုလွင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဖြိုးသက်ဇော်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုဝေလဲ့တို့က စနစ်နှင့်စပ်လျဥ်း၍ အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး အသုံးပြုနည်းကို လက်တွေ့ပြသခဲ့သည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် တရားစီရင်ရေးနှင့် တရားရုံးစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းရပ်များမှာ e-Government ဆိုင်ရာ နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုရှင်းလင်းဆွေးနွေးတင်ပြသည့်  တရားစီရင်ထုံးအကြောင်းအရာ ရှာဖွေခြင်းစနစ်  Ruling Content Management System (RCMS) သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ အစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မည်သည့်အဖွဲ့အစည်း၏ အကူအညီမပါရှိဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အင်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်စနစ်တစ်ခု ဖြစ်ပါသည်။

 

အဆိုပါ တရားစီရင်ထုံးအကြောင်းအရာရှာဖွေခြင်းစနစ်သည် တရားသူကြီးများ၊ တရားရေးဝန်ထမ်းများအပြင် တရားရုံးအသုံးပြုသူများ၊ ဥပဒေပညာကို လေ့လာလိုက်စားသူများအားလုံး လွယ်ကူစွာ ရှာဖွေလေ့လာအသုံးပြုနိုင်သည့် နည်းပညာအသုံးပြုစနစ်တစ်ခု ဖြစ်ပါသည်။ မည်သည့်နေရာ မည်သည့်အချိန်တွင်မဆို ကွန်ပျူတာများအပြင် ကိုယ်နှင့်မကွာ ကိုင်‌ဆောင် အသုံးပြုကြသည့် မိုဘိုင်းဖုန်းများဖြင့်လည်း အသုံးပြုနိုင်ရန် စီစဥ်ဆောင်ရွက်ထားပါသည်။ Web Browser များမှ အသုံးပြုနိုင်သကဲ့သို့ ပိုမို လွယ်ကူစွာ အသုံးပြုနိုင်စေရန်အတွက် Mobile App ကိုပါ စီစဥ်ဆောင်ရွက်ထားရှိပါသည်။ အများပြည်သူအနေဖြင့်စနစ်ကို ပိုမိုလက်လှမ်းမီစေရန် တရားရုံးများရှိ မြင်သာသောနေရာများ၌ QR Code များအား စီစဥ်ဆောင်ရွက်ထားပြီး လက်ကမ်းစာစောင်များဖြန့်ဝေနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

RCMS စနစ်အတွင်း၌ ၁၉၂၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ခေတ်အဆက်ဆက် တရားစီရင်ထုံး (၆၉၀၀)ခန့်နှင့် စာမျက်နှာပေါင်း (၄၄၀၀၀)ကျော် ထည့်သွင်းဆောင်ရွက်ထားပါသည်။ စီရင်ထုံးအကြောင်းအရာကို Google ကဲ့သို့ အထွေထွေရှာဖွေခြင်းဖြင့် ရှာဖွေလေ့လာနိုင်သကဲ့သိူ လေ့လာဖတ်ရှုလိုသော စီရင်ထုံးတွင် ပါဝင်သည့် General Key Word ပေါင်းစုံဖြင့် ရှာဖွေနိုင်မည်ဖြစ်ပါသည်။ တိတိကျကျ ရှာဖွေလိုပါက အမှုအမျိုးအစား၊ အမှုအသေးစိတ် အမျိုးအစား၊ ခုနှစ်၊ စီရင်ထုံးအမည်၊ အမှုအမှတ်၊ စာမျက်နှာ၊ တရားသူကြီးအမည် စသည့် အချက် အလက်များဖြင့်လည်း စီရင်ထုံးတစ်ခုကို အသေးစိတ်ရှာဖွေလေ့လာနိုင်မည်ဖြစ်ပါသည်။ ကိုးကားအသုံးပြုလေ့ရှိသည့် စီရင်ထုံးစာအုပ်၏ စာမျက်နှာကို တိုက်ရိုက်ရှာဖွေဖတ်ရှုနိုင်သည့်ပြင် တရားစီရင်ထုံးများ၏ Footnote နှင့် Citation များရှိ ကိုးကားစီရင်ထုံးများ၊ ဥပဒေများအား တစ်ပါတည်း လေ့လာနိုင်ရန် ချိတ်ဆက်ပေးထားခြင်းဖြင့် အများပြည်သူ လက်လှမ်းမီနိုင်မှုအပေါ် စိတ်ကျေနပ်မှုရရှိစေမည့်စနစ်တစ်ခုဖြစ်ပါသည်။

 

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားရုံး များ၊ ခရိုင်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာထမ်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။