တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / September 17, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ဘားအံမြို့ သာယာကုန်းကျေးရွာအနီး၌ မော်တော်ယာဉ် ၂၃ စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း အမျိုး ၃၄၀၊ လုပ်ငန်းသုံးပစ္စည်း ၃၁၄ မျိုး၊ စားသောက်ကုန်ပစ္စည်း ၁၀ မျိုး၊ စိုက်ပျိုးရေးသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၇၀၁၄၈၆၆၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck လေးစီး၊ Nissan Diesel Truck နှစ်စီး၊ Howo Sino Tractor Head နှစ်စီး၊ Man Tractor Head နှစ်စီး၊ Scania Tractor Head နှစ်စီး၊ Cheng Long Tractor Head နှစ်စီး၊ Faw Tractor Head တစ်စီး၊ Sino Tractor Head တစ်စီး၊ JAC Tractor Head တစ်စီး၊ Nissan Diesel Tractor Head တစ်စီး၊ Hino Profia Tractor Head တစ်စီး၊ Mitsubishi Fuso Tractor Head တစ်စီး၊ Howo Tractor Head တစ်စီး၊ Dong Feng Tractor Head တစ်စီး၊ Isuzu Giga Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် ၁၇ တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ဘားအံမြို့ ခရဲကမ်းနားကျေးရွာအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း ၄၂ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၉ မျိုး၊ စားသောက်ကုန်ပစ္စည်း ၁၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၅၉၅၀၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး၊ Volvo Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၅၈၇၄၃၇၁၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၃ ရက်တွင် ရတနာပုံ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မုံအိုး ၁၇ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၀၀၀၀၀) ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း၊ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀) ကို ယစ်မျိုးဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၁၆ ရက်တွင် ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် သံချောင်းငါးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၂၇၀၀၀၀) ကို မြန်မာ့သတ္တုတွင်းဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၇၀၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၈ ရက်၊ ၁၀ ရက်၊ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် သန်လျင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ကိုးစီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်မှ ၁၆ ရက်အထိ ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၁၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၉၀၁၆၃၇၁၀)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေပါသဖြင့် တရားမဝင်ကုန်သွယ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်