တရားလွှတ်တော်ရှေ့နေများကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကျင်းပ

တရားလွှတ်တော်ရှေ့နေများကောင်စီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကျင်းပ


Ministry of Information/ Naypyitaw / March 06, 2025
image_latest


နေပြည်တော် မတ် ၅

တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၄၉၉ ဦးကို တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထားတောင်းခံသည့် ကိစ္စ၊ ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေရှေ့ရပ်များအား သင်တန်းပေးရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာသင်တန်း {Post Graduate Diploma in law (P.G.D.L)}၊ ဘွဲ့လွန်ဒီပလိုမာသင်တန်း {Post Graduate Diploma (DL)}၊ Online Law နှင့် နောင်တွင်ရရှိမည့် B.A (Law) ရရှိသူများနှင့်စပ်လျဉ်း၍ နည်းဥပဒေပြင်ဆင်နိုင်ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီ၏ ရုံးမြေနေရာ ပြောင်းလဲလျှောက်ထားသည့်ကိစ္စနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီရုံးခွဲ (ရန်ကုန်)၏ ဆိုင်းဘုတ်ကိစ္စတို့ အပါအဝင် စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေးသို့ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် တရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး၊ တရားလွှတ်တော် ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော် ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော် ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်