တရားသောစစ်ဆင်နွှဲနေမှုအပေါ် တက်ညီလက်ညီဝန်းရံအားပေး

တရားသောစစ်ဆင်နွှဲနေမှုအပေါ် တက်ညီလက်ညီဝန်းရံအားပေး


Ministry of Information/ Naypyitaw / August 04, 2024
image_latest


တပ်မတော်သည် နိုင်ငံလွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူများနှင့် အတူလက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့််ကျင်ရေးကို ဆင်နွှဲခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်တွင်လည်း ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို တွန်းလှန်ကာကွယ်ခဲ့ပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အသက်ပေးကာကွယ်စောင့်ရှောက်ခဲ့သည်။

တပ်မတော်သည် ပြည်သူများမှမွေးဖွားလာသော ပြည်သူ့တပ်မတော်၊ အမျိုးသားတပ်မတော်ဖြစ်သည်။ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများအပေါ် ကျရောက်လာမည့် အန္တရာယ်ရန်စွယ်ဟူသမျှတို့ကို အသက်၊ သွေး၊ ချွေးရင်းနှီးပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်နေသည့် တစ်ခုတည်းသော အဖွဲ့အစည်းကြီးဖြစ်သည်။ အကယ်၍သာ တပ်မတော်ကြီးကို အင်အားတောင့်တင်းခိုင်မာအောင် တည်ထောင်ဖွဲ့စည်းထားနိုင်ခြင်းမရှိလျှင် တိုင်းပြည်သည် ဖရိုဖရဲပြိုကွဲပြီး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားနိုင်သည်ကို လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျရောက်ခဲ့သည့် အန္တရာယ်များက သက်သေပြလျက်ရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၁၉၄၉ ခုနှစ်လွန်ကာလများကတစ်ကြိမ်၊ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်ကာလများကတစ်ကြိမ်၊ ၁၉၈၈ ခုနှစ်နှင့် မတိုင်မီကာလများ ကတစ်ကြိမ် ပြည်ပမှပယောဂများနှင့် ပြည်တွင်းမှ အဖျက်သမားသောင်းကျန်းသူများ၏ နှောင့်ယှက်တိုက်ခိုက်မှုအမျိုးမျိုးတို့ကို တပ်မတော်က အသက်၊ သွေး၊ ချွေးပေးဆပ်ကာ တွန်းလှန်ကာကွယ်ပေးခဲ့သည်။ တပ်မတော်သည် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း နိုင်ငံရေးပယောဂများကြောင့်လည်းကောင်း၊ လက်နက်ကိုင်သောင်းကျန်းမှု အမျိုးမျိုးတို့ကြောင့် လည်းကောင်း ပြည်ထောင်စုကြီး မပြိုကွဲမပျက်စီးအောင်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် တိုင်းပြည်ကိုအကြိမ်ကြိမ် ကယ်တင်စောင့်ရှောက်ပေးခဲ့ရသည်။

၂၀၂၁ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအလဲတွင် NUG/CRPH/PDF အမည်ခံအကြမ်းဖက်သမားများနှင့် ငြိမ်းချမ်းရေးကိုမလိုလားသည့် EAO အဖွဲ့အချို့တို့သည် ဒို့တာဝန်အရေးသုံးပါးကို ချိုးဖောက်သည့်လုပ်ရပ်များ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံရေးကိစ္စကို အကြောင်းပြပြီး လက်နက်ကိုင်သောင်းကျန်းသည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် ပြည်ထောင်စုကြီးနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက်နယ်မြေအလိုက် အာဏာထူထောင်ရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း အောင်မြင်မှုမရရှိသလို မည်သူတစ်ဦးတစ်ယောက်မျှ အကျိုးအမြတ်မရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်သောင်းကျန်းသူများသည် နယ်မြေလုံခြုံရေးစခန်းများနှင့် မြို့အချို့အတွင်းသို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသမတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများသာမက အသက်အန္တရာယ်များပါ ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ခဲ့သည်။ အေးချမ်းစွာနေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို နေ့စဉ်နှင့်အမျှ တိုက်ခိုက်ဖျက်ဆီးနေသဖြင့် တိုင်းရင်းသားပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများကို စက်ဆုပ်ရွံရှာ လျက်ရှိသည်။

တပ်မတော်သည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသော တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ နိုင်ငံတော်ကိုကာကွယ်ရန်၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် တာဝန်ရှိသဖြင့် တရားသောစစ်ဖြင့် နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်၏ တရားသောစစ် ဆင်နွှဲနေသည့်အပေါ်တွင် ဝန်းရံထောက်ခံအားပေးနေသည့် မျိုးချစ်လူငယ်များ၊ အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းရင်းသားပြည်သူများ တစ်နေ့တခြား များပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ထောင်စုကြီး မပြိုကွဲမပျက် စီးရေးအတွက် တရားသောစစ်ကိုဆင်နွှဲရာတွင် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသူ တိုင်း ပါဝင်လက်တွဲဆောင်ရွက်ကြရမည့် တာဝန်ရှိသည်။

ယခုအခါ နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်နိုင်ရန် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ကိုယ်ပိုင်အသိစိတ်ရှိသည့် နိုင်ငံ့သားကောင်းရတနာများသည် အပတ်စဉ်အလိုက် ပါဝင်ထမ်းဆောင်နေကြပြီဖြစ်သည်။ ထို့အပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။ သို့ဖြစ်ရာ တပ်မတော်၏ တရားသောစစ်ဆင်နွှဲနေမှုအပေါ် တက်ညီလက်ညီ ဝန်းရံထောက်ခံ အားပေးကူညီကြခြင်းဖြင့် အေးချမ်းသာယာဝပြောသည့် ပြည်ထောင်စုကြီးအဖြစ် အစဉ်ရပ်တည်နိုင်မည် ဖြစ်ပါကြောင်း။     ။