တာချီလိတ်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦးနှင့် ကလေး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး၊ အမျိုးသမီး လေးဦးနှင့် ကလေး တစ်ဦး ဒဏ်ရာရရှိ

တာချီလိတ်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦးနှင့် ကလေး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး၊ အမျိုးသမီး လေးဦးနှင့် ကလေး တစ်ဦး ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / October 06, 2025


     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ အောက်တိုဘာ ၅ ရက်က ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ် ဆေးရုံဟောင်းရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၂၁)  ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ရှမ်းရိုးမမီးပွိုင့်ဘက်မှ တံတား(၁)ဘက်သို့ တာချီလိတ်မြို့နယ်၊ ပါဝုန်းကျေးရွာနေ အိုက်ကျိုင်း(၄၈)နှစ် မောင်းနှင်လာသည့် SHN-12 9M/XXXX FORD RAPTOR မော်တော်ယာဉ်သည် ဆေးရုံဟောင်းရှေ့လမ်းဆုံအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ မောင်းနှင်နေသည့် SHN-XXXX Click-125 ဆိုင်ကယ်၊ အထက(၁)အနီးလမ်းဆုံတွင် 6W/XXXX WAVE I ဆိုင်ကယ်၊ SHN-XXXX YAMAHA 125 ဆိုင်ကယ်နှင့် YGN-5 7H/XXXX HONDA FIT မော်တော်ယာဉ်တို့အား ဝင်ရောက်တိုက်မိခဲ့သဖြင့် အမျိုးသမီး တစ်ဦးနှင့် ကလေး တစ်ဦးတို့တွင် ဒဏ်ရာများရရှိသေဆုံးခဲ့ပြီး အမျိုးသား တစ်ဦး၊ အမျိုးသမီး လေးဦးနှင့် ကလေး  တစ်ဦးတို့တွင်  ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် အိုက်ကျိုင်းအား တာချီလိတ်မြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။