တိုင်းဒေသကြီးနှင့်ပြည်နယ်ငါးခု၌ Smart School နှင့် Football For School Program အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
တိုင်းဒေသကြီးနှင့်ပြည်နယ်ငါးခု၌ Smart School နှင့် Football For School Program အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
Ministry of Information/ Naypyitaw / April 27, 2026
နေပြည်တော် ဧပြီ ၂၆
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့် Smart School နှင့် Football For School Program ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အားကစားကွင်းသို့ ရောက်ရှိရာ ၉ ဒသမ ၅၆၄ ဧကရှိ အားကစားကွင်းတည်နေရာပြ မြေပုံပါအတိုင်း ခြံစည်းရိုးအုတ်တံတိုင်း ၂၂၅၆ ပေ ကာရံထားမှုအခြေအနေ၊ ၇ ဒသမ ၈၁၆ ဧကရှိ ဘောလုံးကွင်းဧရိယာ Inner Fencing ကာရံ ထားရှိမှု၊ ဘောလုံးကွင်းမြက်ခင်းပြင်၊ ဂိုးတိုင်ဂိုးပိုက်များ တပ်ဆင်ထားရှိမှုအခြေအနေ၊ မီတာ ၄၀၀ မြေသားပြေးလမ်း ခင်းကျင်းထားမှုအခြေအနေ၊ ၁၄၀ x ၂၄ ပေရှိ ပရိသတ်အင်အား ၅၀၀ ဝင်ဆံ့သည့် အထူးတန်းပွဲကြည့်စင်၊ ပရိသတ်အင်အား ၁၀၀၀ စီဝင်ဆံ့သည့် ၂၀၀ x ၂၃ ပေရှိ အရှေ့ဘက် ပွဲကြည့်စင်နှင့် ၂၃၂ x ၂၃ ပေရှိ မြောက်ဘက်ပွဲကြည့်စင် တည်ဆောက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ ရေသုံးစွဲမှုအဆင်ပြေစေရေးအတွက် ဂါလန် ၂၄၀၀ ဆံ့ ရေစင် တည်ဆောက်ထားရှိမှုနှင့် ၁ ဒသမ ၇၄၈ ဧကရှိ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ထားရှိမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားကွင်း/ အားကစားရုံ ရေရှည်တည်တံ့စေရေး၊ အားကစားကွင်းပတ်လည် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စိမ်းလန်းစိုပြည်စေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားကွင်း/ အားကစားရုံများတွင် အများပြည်သူ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများကို လာရောက်လေ့ကျင့်ကစားနိုင်စေရေးအတွက် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ခရိုင်နှင့် မြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်တွင်ပါရှိသည့် ရက် ၁၀၀ စီမံချက်နှင့်စပ်လျဉ်းပြီး အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football For School Program ကို ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပေါင်းစပ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်ငူခရိုင်မှ မျိုးဆက်သစ်အားကစားသမားများစွာ ထွက်ပေါ်လျက်ရှိပြီး ခရိုင်/မြို့နယ်တို့မှ အားသာသည့် အားကစားနည်းများဖြစ်သော ဘောလုံး၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်အားကစားသင်တန်းများကို အခြေခံပညာအထက် တန်းကျောင်းများတွင် ဖွင့်လှစ်သင်ကြားပို့ချပေးရေးနှင့် အားကစားပြိုင်ပွဲများကို ခရိုင်/ မြို့နယ် အားကစားဆပ်ကော်မတီ၊ ပညာရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အားကစားဝါသနာရှင်များ၊ ပညာရှင်များ၊ စေတနာရှင်အလှူရှင်များနှင့်ပေါင်းစပ်၍ ရက်ပေါင်း ၁၀၀ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ အားကစားမြှင့်တင်ရေးနှင့် ဘောလုံးအားကစား အဆင့်အတန်းပိုမိုတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ရက် ၁၀၀အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်သွားရန် မှာကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူက မိမိတို့အဖွဲ့ချုပ်အနေဖြင့် ရက် ၁၀၀ အတွင်းဆောင်ရွက်မည့် Smart School နှင့် Football For School Program လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် အခြေခံဘောလုံးသင်တန်းဖွင့်လှစ်နိုင်ရေး၊ နည်းပြ မွမ်းမံသင်တန်းများဖွင့်လှစ်နိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားအသစ်များ ရွေးချယ်နိုင်ရေး၊ ပြိုင်ပွဲ များကျင်းပနိုင်ရေး၊ ဘောလုံးများထောက်ပံ့ပေးနိုင်ရေး၊ PE ဆရာ/ ဆရာမများနှင့်ဆက်သွယ်၍ တာဝန်ပေးဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ထပ်မံဖြည့်စွက်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအတိုင်း မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်အောင်မြင်စေရေးအတွက် အခြေခံမှစတင်၍ အတူတကွ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
