တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ ဆရာမကောင်းများဖြစ်အောင် ကြိုးစား
တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ ဆရာမကောင်းများဖြစ်အောင် ကြိုးစား
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 25, 2022

ဘားအံ - နိုဝင်ဘာ (၂၅)
နိုင်ငံ့ဝန်ထမ်းဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးပြီး တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ဆရာမကောင်းများဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း ဘားအံပညာရေးဒီဂရီကောလိပ်တွင် ၁၈ ရက်ကြာကျင်းပခဲ့သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုက်တွန်းပြောကြားသည်။
အဆိုပါပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကရင်၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဆိုင်ရာမူဝါဒများ၊ ပညာရေးပြုပြင်ပြောင်းလဲမှု၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ ကမ္ဘာ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို ရှင်းလင်းပြောကြားရာ၌ ထို့သို့တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးကလည်း တိုင်းရင်းသားဘာသာစကား အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် ဆရာ၊ဆရာမများအား အမှာစကားပြောကြား ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက် အကူပြုဆွေးနွေးပွဲတက်ရောက်ပြီးမြောက်ကြောင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားတွင် တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများက ပန်းတိုင်းပွင့်ပါစေ၊ ကောက်စိုက်ချိန်၊ စကားဝါမြေ၊ နှုတ်မဆက်ချင်ဘူး တေးသီချင်းများဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြု ဆုငွေများပေးအပ်ချီးမြှင့်ကာ တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများပြောကြားခဲ့ကြောင်းနှင့် မွန်းလွဲပိုင်းတွင် အဆိုပါဆရာ၊ဆရာမများသည် ကရင်ပြည်နယ်အစိုးရ အဖွဲ့၏အစီအစဉ်ဖြင့် ဘားအံမြို့နှင့်ပတ်ဝန်းကျင်ဒေသများသို့ လေ့လာရေးခရီးသွားရောက်လေ့လာလည်ပတ်ကြမည် ဖြစ်သည်။