တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ
Ministry of Ethnic Affairs/ ရန်ကုန်တိုင်းဒေသကြီး / September 18, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်း၌ ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ကျပ်သန်း(၂၀)အောက် လုပ်ငန်းများ ကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)တို့တွင်ပါရှိသောတင်ဒါလုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်သွားရေး၊လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင် ရွက်သွားရေး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်နှင့်အညီ ဦးစီး ဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကိုအား သွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတာဝန်ယူကြီးကြပ်သူ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း(၂၀)အောက် ဌာနအစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ရုံးတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း(၁)မျိုး ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအဆင့် မြှင့်တင်ခြင်းလုပ်ငန်း(၆)မျိုး ၊ ကျပ်သန်း(၂၀)အထက် တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း(၁)မျိုးတို့အားလိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီးလိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။