တိုင်းရင်းသားအားလုံးဒီမှာဆုံတွေ့ပြီး တစ်ယောက်ရဲ့ပြခန်းကို တစ်ယောက်ကလေ့လာနိုင်တဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်တွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ် (ဦးစိန်ဦး (စီးပွားရေးရာဝန်ကြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့))
တိုင်းရင်းသားအားလုံးဒီမှာဆုံတွေ့ပြီး တစ်ယောက်ရဲ့ပြခန်းကို တစ်ယောက်ကလေ့လာနိုင်တဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်တွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ် (ဦးစိန်ဦး (စီးပွားရေးရာဝန်ကြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့))
Ministry of Information/ Naypyitaw / February 05, 2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ရာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်-
ဦးစိန်ဦး (စီးပွားရေးရာဝန်ကြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့)
ကျွန်တော်တို့ ပြည်နယ်အနေနဲ့ အရင်နှစ်ကထက် ပစ္စည်းတွေ စုံစုံလင်လင်နဲ့ ခမ်းခမ်းနားနားပါဝင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေ၊ မွေးမြူရေးထုတ်ကုန်တွေ၊ ဒေသထွက်ကုန်ကြမ်းတွေကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ပစ္စည်းတွေ၊ OROP အနေနဲ့ ဆန်မွှေး၊ နှမ်းနက်၊ အစေ့ထုတ်ပြောင်း၊ ကယားဝက်အူချောင်းတွေကို ပါဝင်ခင်းကျင်းပြသမှာဖြစ်ပါတယ်။ ကယားရိုးရာဝတ်စုံတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ကယားရိုးရာစားသောက်ဆိုင်တန်းမှာ ကယားဒေသထွက်ကုန်ပစ္စည်းတွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒီလို MSMEထုတ်ကုန်ပြပွဲပြိုင်ပွဲတွေက ဒေသရဲ့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေပါတယ်။ ဒီပြပွဲရဲ့ရည်ရွယ်ချက်ကိုက တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်ဒေသထုတ်ကုန်တွေကို ဒီပွဲမှာပြသမယ်။ ရောင်းချမယ်။ လိုတဲ့သူတွေကလည်း ဝယ်ယူနိုင်ရမယ်။ ထုတ်လုပ်တဲ့သူတွေ ကိုယ်တိုင်လည်း သူများတွေဘယ်လိုထုတ်လုပ်နေသလဲဆိုတာ လေ့လာနိုင်ရမယ်။ ဒေသကကုန်ကြမ်းတွေကို အသုံးပြုပြီး ကုန်ချောတွေထွက်အောင် ဘယ်လိုရောင်းချမလဲ။ ဒီကုန်ချောတွေကို ပြည်တွင်းပြည်ပကို ဘယ်လိုရောင်းချမလဲ။ ဒီအတွက်ဈေးကွက်ကို ဒီမှာချိတ်ဆက်ရှာဖွေနိုင်ပါတယ်။ တိုင်းရင်းသားအားလုံး ဒီမှာဆုံတွေ့ပြီး တစ်ယောက်ရဲ့ပြခန်းကို တစ်ယောက်ကလေ့လာနိုင်တဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်တွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။ ဒါကြောင့်အင်မတန်အကျိုး ကျေးဇူးရတဲ့ပြပွဲလို့ ပြောကြားလိုပါတယ်။
ဦးတင်ဦး(စီးပွားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့)
MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးပါဝင်ပြီး MSME ထုတ်ကုန်တွေ ခင်းကျင်းပြသတာဟာ ဒေသအသီးသီးရဲ့ ထုတ်ကုန်အချင်းချင်း ယှဉ်ပြိုင်မှုကတစ်ဆင့် အရည်အသွေးမြှင့် ထုတ်လုပ်မှုပိုမိုမြင့်မားတိုးတက်လာစေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။ အခုလိုကျင်းပပေးခြင်းအားဖြင့် MSME လုပ်ငန်းရှင်တွေ တစ်နေရာတည်းမှာ တစုတစည်းတည်း စုစည်းခွင့်ရသလို မိမိတို့လုပ်ငန်းတွေအတွက်လည်း နည်းပညာသစ်တွေကို အမြင်ချင်းဖလှယ်နိုင်မှာ ဖြစ်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေ သိနားလည်ခွင့်ရရှိစေမှာ ဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီးအနေနဲ့ ထုတ်ကုန်အမျိုးပေါင်း ၆၅ မျိုးနဲ့ ပစ္စည်းအမယ်ပေါင်း ၆၃၀ ကျော်ကို MSME လုပ်ငန်းရှင် ၈၉ ဦးက ပါဝင်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ တိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက အတိုးနှုန်းသက်သာစွာ ထုတ်ပေးထားတဲ့ ၂ ဒသမ ၇ ဘီလီယံကျော်ကို အရင်းအနှီးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ပြောင်းလဲဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့အရင်းအနှီး၊ စက်ကိရိယာ၊ နည်းပညာ၊ ပါကင်စက်တွေအပါအဝင် ပြုပြင်ဆောင်ရွက်ခဲ့တဲ့ ထုတ်ကုန်တွေကိုလည်း တစုတဝေးတည်း ပြသမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးကထုတ်လုပ်တဲ့ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်နဲ့ ရှစ်တန်းသွား လူစီးကောက်စိုက်စက်တွေကို ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တိုင်းဒေသကြီးက စွန့်ဦးတီထွင်ထားတဲ့ စက်တွေက လုပ်သားအင်အားအများအပြားမလိုဘဲ စက်မောင်းနဲ့ အကူနှစ်ဦး စုစုပေါင်းသုံးဦးသာလိုအပ်တဲ့အတွက် လုပ်သားအင်အားရှားပါးမှုပြဿနာကိုလည်း အထိုက်အလျောက် ဖြေရှင်းနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
လက်ဆွဲကောက်စိုက် စက်၊ လူစီးကောက်စိုက်စက်တွေနဲ့ စိုက်ပျိုးမယ်ဆိုရင် တစ်ဧကကို သုံးနာရီနဲ့ တစ်ရက်ကို သုံးဧကစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ဆီစားသက်သာတဲ့အတွက် ဆီဖိုးအနေနဲ့ ငွေကျပ် ၈၅၀၀လောက်သာ ကုန်ကျမှာဖြစ်ပါတယ်။ ဒီစက်ကိုအသုံးပြုတဲ့အတွက် အပင်ကြား၊ အတန်းကြားက ညီညာတဲ့အတွက် တောင်သူတွေအတွက် ဆေးဖျန်းရတာလွယ်ကူပြီး ကောက်ပင်တွေက အစာအာဟာရတွေကို စားသုံးနိုင်တဲ့အတွက် အထွက်နှုန်းတိုးတက်လာမှာ ဖြစ်ပါတယ်။ ပြည်တွင်းက အခုလို ထုတ်လုပ်လိုက်တဲ့အတွက် နိုင်ငံခြားသွင်းကုန်နဲ့ပတ်သက်ပြီး ပစ္စည်းရဲ့ဈေးနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီစက်ကိုရောင်းချရာမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာကုမ္ပဏီနဲ့ပူးပေါင်းပြီး အာမခံစနစ်ကို ထည့်သွင်းထားပါတယ်။
ဒီစက်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက်ဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပါတယ်။ အဖိုးနှုန်းချိုသာစွာနဲ့ တင်သွင်းဖြန့်ဖြူးရောင်းချသွားမှာဖြစ်တဲ့အတွက် ဝယ်ယူလိုတဲ့ တောင်သူတွေအနေနဲ့ အဖိုးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျငွေပေးချေမှုစနစ်နဲ့လည်း ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ဒါကြောင့် အကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ပါတယ်။
ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ဥက္ကဋ္ဌ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း)
ဒီပြပွဲပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းအနေနဲ့ အကိုက်အခဲပျောက်လိမ်းဆေး၊ အဖျားပျောက်ဆေး၊ သွေးဆေး၊ အားဆေးစသဖြင့် တိုင်းရင်းဆေးမျိုးစုံကို လာရောက်ပြသမှာဖြစ်ပါတယ်။ မြန်မာသာမက ကမ္ဘာမှာပါ အများပြည်သူက တိုင်းရင်းဆေးကို အားကိုးပါတယ်။ တိုင်းရင်းဆေးက သုံးစွဲရတာလည်း လွယ်ကူသလို ဘေးထွက်ဆိုးကျိုးလည်း အင်မတန်နည်းပါတယ်။ ဒါကြောင့် သဘာဝဆေးဖြစ်တဲ့ တိုင်းရင်းဆေးကို နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တို့က မြန်မာနိုင်ငံအနှံ့အပြားက မိသားစုတွေရဲ့ တိုင်းရင်းဆေးသုံးစွဲမှုကို WHO ရဲ့ လမ်းညွှန်ချက်နဲ့အညီ သုတေသနပြုလုပ်ခဲ့ပါတယ်။ ဒီလိုသုတေသနပြုတဲ့အခါ ၉၆ ရာခိုင်နှုန်းသော မြန်မာမိသားစုတွေက တိုင်းရင်းဆေးကို သုံးစွဲတာတွေ့ရပါတယ်။
MSME ထုတ်ကုန်ပြပွဲမှာ ကျွန်တော်တို့ တိုင်းရင်းဆေးကဏ္ဍအနေနဲ့ ပထမဆုံးလာရောက်ပြသတာဖြစ်ပါတယ်။ အများပြည်သူအနေနဲ့ မိမိတို့ရဲ့ကျန်းမာရေးအတွက် တိုင်းရင်းဆေးနဲ့ပတ်သက်ပြီး သိရှိလိုတာတွေကို မေးမြန်းဆွေးနွေးလို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှင်းလင်းပြောပြပေးနိုင်ပါတယ်ဆိုတာ ပြောကြားလိုပါတယ်။
အင်တာဗျူး- ဝင်းဝင်းမင်း
ဓာတ်ပုံ- ဖိုးပြည့်စုံ