တီဘီလူနာနှင့် အတူနေသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် TPT တိုက်ကျွေးခြင်း ဗဟိုအဆင့်သင်တန်းဖွင့်
တီဘီလူနာနှင့် အတူနေသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် TPT တိုက်ကျွေးခြင်း ဗဟိုအဆင့်သင်တန်းဖွင့်
Ministry of Information/ Naypyitaw / November 19, 2025
နေပြည်တော် နိုဝင်ဘာ ၁၈
တီဘီလူနာနှင့် အတူနေသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် TPT တိုက်ကျွေးခြင်း ဗဟိုအဆင့်သင်တန်း “TOT on TB Contact Investigation and TB Preventive Treatment” ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တီဘီရောဂါတိုက်ဖျက်ရေးဌာန တာဝန်ခံများနှင့် အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တီဘီမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တီဘီလူနာနှင့် အတူနေသူများအား စစ်ဆေးပြီး တီဘီရောဂါရှာဖွေခြင်းလုပ်ငန်း (TB-Contact Investigation) သည် အကုန်အကျသက်သာပြီး ထိရောက်မှုရှိ သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တီဘီရောဂါရှိသူကို စောစီးစွာရှာဖွေဖော်ထုတ် နိုင်ခြင်းကြောင့် လူနာ၏ ရောဂါခံစားရမှုကို လျော့ပါးစေခြင်း၊ အခြားသူများသို့ ရောဂါကူးစက်မှု လျော့နည်းစေခြင်းနှင့် လက္ခဏာမပြသေးသော တီဘီပိုးကူးစက်ခြင်းခံနေရသူများအား ဖော်ထုတ်ကုသနိုင်မည်ဖြစ်ကြောင်း၊ ပိုးတွေ့တီဘီ၊ ဆေးယဉ်ပါးတီဘီ၊ တီဘီ-အိပ်ချ်အိုင်ဗွီနှင့် အသက် (၅) နှစ်အောက် ကလေးတီဘီလူနာများနှင့် အတူနေသူများအား Contact Investigation မဖြစ်မနေ ဆောင်ရွက်ရန်လို ကြောင်း၊ TB Contact Investigation ဆောင်ရွက်ခြင်းဖြင့် တီဘီရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ခြင်းအကျိုးရလဒ်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပိုးတွေ့တီဘီလူနာနှင့် အတူနေသူများ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများအား တီဘီရောဂါရှိမရှိစစ်ဆေးပြီး တီဘီရောဂါမရှိပါက TB Preventive Treatment (TPT) တိုက်ကျွေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်တီဘီလူနာ နှင့် တစ်အိမ်တည်းအတူနေသူများတွင်သာမက အနီးကပ်ထိတွေ့သူများကိုလည်း စစ်ဆေး၍ တီဘီရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်ကုသမှုပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၇ ရက် မှ ၁၈ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်
