တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ (၇) ရက်အတွင်း ပြန်လည်ထွက်ခွာရန် ခေါ်ယူညွှန်ကြားခဲ့ခြင်း

တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ (၇) ရက်အတွင်း ပြန်လည်ထွက်ခွာရန် ခေါ်ယူညွှန်ကြားခဲ့ခြင်း


Ministry of Information/ Naypyitaw / February 15, 2026
image_latest


တီမောလက်စ်တေအစိုးရက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူအပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏မူလရပ်တည်ချက်ကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည်။ သို့ရာတွင် တီမောလက်စ်တေအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးသည့်နောက်ပိုင်းကာလများတွင်လည်း ၎င်း၏ကတိကဝတ်များနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည်ကို လေ့လာတွေ့ရှိရသည်။

တီမောလက်စ်တေသမ္မတသည် မြန်မာတပ်မတော်အရာရှိကြီးအချို့အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်ဆိုသူများကို ၁၄-၁-၂၀၂၆ ရက်တွင် လက်ခံတွေ့ဆုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံအကြီးအကဲတစ်ဦးက အခြားသောအာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့်အပြင် အဆိုပါအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့် အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနသည် တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား ၁၆-၁-၂၀၂၆ ရက်တွင် ဆင့်ခေါ်၍ အဆိုပါအပြုအမူကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အသိပေးပြီး တီမောလက်စ်တေအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာရန်နှင့် တီမောလက်စ်တေ၏ အပြုသဘောမဆောင်သည့်အပြုအမူအပေါ် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဖြေရှင်းချက်တစ်ရပ်ကို တရားဝင် ပြန်လည်ပေးပို့ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အခြေအနေကို နီးကပ်စွာ ဆက်လက်လေ့လာစောင့်ကြည့်၍ မြန်မာနိုင်ငံအပေါ်ထားရှိသည့် တီမောလက်စ်တေ၏ သဘောထားရပ်တည်ချက်ပြောင်းလဲခြင်းမရှိပါက ပိုမိုပြင်းထန်သည့်အစီအမံများကို ထပ်မံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် သတိထောက်လွှာတစ်စောင်ကိုလည်း တီမောလက်စ်တေသံရုံးယာယီတာဝန်ခံနှင့်တွေ့ဆုံစဉ် ပေးအပ်ခဲ့သည်။ ဆက်လက်၍ အာဆီယံ၏အခြေခံမူများနှင့်အလေ့အထများကို ဖောက်ဖျက်သည့် တီမောလက်စ်တေ၏အပြုအမူများကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချသည့် သတင်းထုတ်ပြန်ချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၈-၁-၂ဝ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေးကောင်းမွန်မှုရှိသော်လည်း တီမောလက်စ်တေသမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်ရေးကို မကြာခဏဝင်ရောက်စွက်ဖက်နေသည့်အတွက်ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာအဲလီစီယို ဒိုရိုဆားရီရှိ ဒီဆော်ဆာအား ၁၃-၂-၂၀၂၆ ရက်တွင် ဆင့်ခေါ်၍ သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၁) အပိုဒ် ၉ နှင့် အညီ ၂၀-၂-၂၀၂၆ ရက်မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ၎င်းအား ညွှန်ကြားခဲ့ပြီး အကယ်၍ တီမောလက်စ်တေအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ၎င်း၏ ရပ်တည်ချက်သဘောထားများ ပြောင်းလဲခြင်းမရှိသေးပါက ပိုမိုပြင်းထန်သည့်အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံများအကြား တန်းတူရည်တူရှိရေး၊ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ အချုပ်အခြာအာဏာလေးစားရေးနှင့် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူ စာချုပ်ပါအခြေခံမူများကို လေးစားလိုက်နာရေးစသည့် မူဝါဒများအပေါ်တွင် အခြေပြု၍ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားရှိရန် ဆက်လက်ကတိကဝတ်ပြုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်