တောင်ကြီးမြို့၊ ထန်းတပင်မြို့နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
တောင်ကြီးမြို့၊ ထန်းတပင်မြို့နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
Ministry of Information/ Naypyitaw / April 05, 2026
နေပြည်တော် ဧပြီ ၄
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် အရိယဝံသမြို့ဦးကျောင်းတိုက်ရှိ သံဃာတော်များအား အဆိုပါကျောင်းတိုက်၌အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၈၂ ပါးအား အရိုးအကြော ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ ဖျားနာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ Ultrasound စက်ဖြင့် ရောဂါရှာဖွေပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထို့သို့ဆောင်ရွက်ပေးနေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အဆိုပါကျောင်းတိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ် ငှက်သိုက်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၁၂ ပါးနှင့် ဒေသခံပြည်သူ ၁၂၅ ဦးတို့အား အဆိုပါကျေးရွာရှိ အောင်ချမ်းသာကျောင်းတိုက်၌ အခြေပြု၍လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ မြို့လယ်ဆူးခါးကျောင်းတိုက်ရှိ သံဃာတော် ၁၆ ပါးနှင့် ဒေသခံပြည်သူ ၁၀၄ ဦးတို့အား အဆိုပါကျောင်းတိုက်ရှိဓမ္မာရုံ၌ အခြေပြု၍လည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများအား သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိ ရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထို့သို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာချုပ်နှင့် တပ်နယ်အသီးသီးမှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
