တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တို့တောင်ယာ” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တို့တောင်ယာ” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
Ministry of Information/ Naypyitaw / February 19, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၈
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် “တို့တောင်ယာ” တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၀ ရက် သောကြာနေ့ညချမ်းတွင် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။
“တို့တောင်ယာ” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ကျော် တေးသံရှင်များဖြစ်ကြသည့် ဝိုင်းလမင်းအောင်၊ ဒုံချပ်၊ စိုးထက်အောင်၊ ရဲဝင့်လှိုင်၊ ကိုကိုနွေဦး၊ သွန်း၊ ချစ်စုစံ၊ ချိုမီမီဇော်၊ ချောစုသံစဉ်နှင့် အိမွန်ဇင်တို့က စိမ်းလန်းသာယာသည့် လယ်ကွင်းနှင့် တောင်ယာများ၊ ကျေးလက်အစဉ်အလာအိုးစည်ဝိုင်းဖြင့် ပျော်ရွှင်စွာဆင်နွှဲကြပုံများ၊ လှည်းယဉ်ကျော့ဖြင့် ခရီးသွားလာကြပုံများကို ဖော်ကျူးထားသည့် တေးသီချင်းကောင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
အဆိုပါတေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၀ ရက် (သောကြာနေ့) ည ၉ နာရီခန့်၌ မြန်မာ့ရုပ်မြင်သံကြား၏ MRTV-HD Channel ၊ MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ပြီး MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၂ ရက်၊ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
