ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော မော်တော်ယာဉ် တိမ်းမှောက်ခဲ့မှု သတင်းဖော်ပြမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော မော်တော်ယာဉ် တိမ်းမှောက်ခဲ့မှု သတင်းဖော်ပြမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / June 13, 2023
image_latest


VOA Burmese Facebook သတင်းစာမျက်နှာ၌ “ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့နံနက်တွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို သယ်ဆောင်လာသည့်ကားသည် ရဲများလိုက်ဖမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မီးလောင်ခဲ့သဖြင့် ကားပေါ်ပါသူ မြန်မာ ၄ ဦး သေဆုံးခဲ့ကြောင်း” သတင်းဖော်ပြခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၄-၆-၂၀၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တာဝန်ခံ အလုပ်သမားသံအရာရှိမှ အယုဒ္ဓယနယ်မြေ ရဲစခန်းသို့သွားရောက်၍ တာဝန်ရှိသူများ၊ ကားမှောက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာ အောက်ပါအတိုင်း စုံစမ်း သိရှိရပါသည်-

(က) မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးအား သယ်ဆောင်လာသည့် ဗင်ကားသည် ၁-၆-၂၀၂၃ ရက်နေ့၊ ၀၀:၂၀ နာရီခန့်တွင် အယုဒ္ဓယမြို့အထွက် လမ်းအကွေ့ တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မီးလောင်ခဲ့ရာ ယာဉ်မောင်းအပါအဝင် ၄ ဦး မီးလောင်သေဆုံး ခဲ့ပါကြောင်း၊ ကျန် ၆ ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဘန်ပအင်း မြို့နယ်ဆေးရုံသို့ ပို့ဆောင် ကုသပေးခဲ့ပါကြောင်း၊

(ခ) ယာဉ်တိမ်းမှောက် မီးလောင်မှုကြောင့် သေဆုံးခဲ့သူ ၄ ဦးတွင် ယာဉ်မောင်း(ထိုင်း) ၁ ဦးနှင့် မြန်မာအမျိုးသမီး ၃ ဦးတို့ ပါဝင်ပါကြောင်း၊ သေဆုံးသူ ၄ ဦးမှာ မီးလောင်ကျွမ်းမှုကြောင့် အတည်ပြုနိုင်ရန် ခက်ခဲသဖြင့် DNA စစ်ဆေးလျက်ရှိပါကြောင်း၊

(ဂ) ထိခိုက်ဒဏ်ရာရရှိသူများအား မေးမြန်းခဲ့ရာ မြန်မာပြည်မှ ပွဲစားများအား ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေး၍ ကားများဖြင့် အဆင့်ဆင့်စီးနင်း၍ ထိုင်းနိုင်ငံရှိ ဆွေမျိုးသားချင်းများရှိရာသို့ လာရောက်အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ပါကြောင်း၊

အလုပ်သမားသံအရာရှိရုံးအနေဖြင့် နယ်မြေရဲစခန်းနှင့်ပူးပေါင်း၍ သေဆုံးခဲ့သူများနှင့် ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များရရှိရေးနှင့် မြန်မာအလုပ်သမားများအား အမှုစစ်ဆေးပြီးချိန်တွင် နေရပ်သို့ပြန်လည် သွားရောက်နိုင်ရေး ဆက်သွယ်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝမရရှိခြင်းနှင့် အခြားသော လူ့အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်သဖြင့် တရား မဝင်သွားရောက်ခြင်းများ လုံးဝမပြုလုပ်ရန်နှင့် ပြည်ပသို့တရားဝင် သွားရောက်လုပ်ကိုင်ခြင်းဖြင့် ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ခြင်း၊ လူကုန်ကူးခံရမှု မဖြစ်ပွားနိုင်ခြင်း၊ ဆိုက်ရောက်ရာနိုင်ငံများ၌ လွတ်လပ်စွာ သွားလာနိုင်ခြင်းနှင့် လုပ်ငန်းခွင်၌ လုံခြုံစိတ်ချစွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ၁၃-၅-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများစာရင်းအား အလုပ်သမားဝန်ကြီးဌာန၏ Website www.mpl.gov.mm၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ Safe Migration Telegram Channel နှင့် Safe Migration Facebook Page တွင်သာမက ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများသို့ ဆက်သွယ်မေးမြန်းစုံစမ်းခြင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော် ဖုန်း ၀၆၇-၄၃၀၁၈၃၊ ၀၆၇-၄၃၀၂၈၄ တို့ အား ဆက်သွယ်ခြင်းဖြင့် သတင်းအချက်အလက်များ ရရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ လိုက်ပါလာ သော မော်တော်ယာဉ်တိမ်းမှောက်ခဲ့မှု သတင်းဖော်ပြမှုနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှု အခြေအနေအား သတင်းထုတ်ပြန်အပ်ပါသည်။

အလုပ်သမားဝန်ကြီးဌာန