ဒစ်ဂျစ်တယ်နည်းပညာခေတ်ကိုလိုက်မီဖို့ ပညာတတ်မြောက်ရေးဝိုင်းဝန်းမြှင့်တင်စို့
ဒစ်ဂျစ်တယ်နည်းပညာခေတ်ကိုလိုက်မီဖို့ ပညာတတ်မြောက်ရေးဝိုင်းဝန်းမြှင့်တင်စို့
Ministry of Information/ Naypyitaw / September 09, 2025

၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ International Literacy Day 2025 အတွက် ချမှတ်ထားသောဆောင်ပုဒ်မှာ “ဒစ်ဂျစ်တယ်ခေတ်ကိုလိုက်မီဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” “Promoting literacy in the digital era” ဟူ၍ ဖြစ်သည်။ ဒစ်ဂျစ်တယ်ခေတ်ကာလ မျက်မှောက်ကာလတွင် စာတတ်မြောက်ရေးသည် အလွန်နောက်ကျ ကျန်ရစ်ခဲ့ပြီဖြစ်၍ ယနေ့ခေတ်တွင် စာမတတ်သူမရှိ၊ အားလုံးစာတတ်မြောက်လာအောင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ အရှိန်အဟုန်ဖြင့် လျင်မြန်စွာတိုးတက်နေသော ဒစ်ဂျစ်တယ်နည်းပညာခေတ်တွင် နိုင်ငံအတွင်း၌ စာမတတ်သူများရှိနေသေးသည်မှာ အားငယ် စရာဖြစ်သည်။ ထိုသို့ စာမတတ်သူများ ကျန်ရှိနေသေးသည်မှာ အားလုံးတွင်တာဝန်ရှိသည်။ နိုင်ငံတော်အစိုးရက မသင်မနေရပညာရေး၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး အခမဲ့ပညာရေးကို အကောင်အထည်ဖော်နေသည့်အချိန်တွင် ကျောင်းမနေစာမတတ်သူများ ကျန်ရှိနေသေးသည်မှာ ကာယကံရှင်ကိုယ်တိုင် အပါအဝင် ပညာသင်ယူခွင့်ရနိုင်သည့် အခြေအနေအရပ်ရပ်တို့ကို ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးကြမှသာ မိမိနိုင်ငံကို မိမိတို့ပါဝင်မြှင့်တင်ရာရောက်မည်ဖြစ်သည်။
တစ်ချိန်သောကာလက နိုင်ငံသားများ စာတတ်မြောက်ရေးအတွက် အရေး၊ အဖတ်၊ အတွက်ပညာကို စေတနာ့ဝန်ထမ်းဆောင်ရွက်ပေးကြရသည့် အခြေအနေမှာ ထိုခေတ်အခြေအနေအရ သင့်မြတ်လျော်ကန်သော်လည်း မျက်မှောက်ကာလ သတင်းအချက်အလက်နှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေသည့် ဒစ်ဂျစ်တယ်ခေတ်တွင် စာတတ်မြောက်ရေးအတွက် ရေးနိုင်၊ ဖတ်နိုင်၊ တွက်နိုင်သောအဆင့်များ မှာ နောက်ကျကျန်ရစ်ခဲ့ပေပြီ။ အခြေခံစာတတ်မြောက်ရေးသည် ပညာ၏ အခြေခံအုတ်မြစ်ဖြစ်သော်လည်း လျင်မြန်စွာပြောင်းလဲတိုးတက်နေသည့် ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင် စာတတ်မြောက်ရေးအဆင့်ထက်ကျော်လွန်ကာ အသိပညာဗဟုသုတများကို လွယ်လင့်တကူ ရှာဖွေဆည်းပူးရမည့် အချိန်အခါဖြစ်သည်။
ဒစ်ဂျစ်တယ်ခေတ်တွင် စာတတ်မြောက်နိုင်သည့် အခွင့်အရေးများ များစွာရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။ စာမတတ်လျှင် အကန်းနှင့်တူသည်ဟူသော ဆိုရိုးစကားကို ချေဖျက်နိုင်သည့် အခြေအနေအရပ်ရပ်တို့ရှိသလို လူတိုင်းကိုယ်စီ အသုံးပြုနိုင်သည့် လက်ကိုင်ဖုန်းများ၏ အသုံးဝင်မှုနှင့်ဆွဲဆောင်နိုင်မှုများကြောင့် စာတတ်မြောက်ရေးနှင့် အလှမ်းမဝေးတော့သည်မှာ ထင်ရှားသည်။ စာတတ်မြောက်မှသာ သိလိုရာများ၊ အတွေးအမြင်များရရှိနိုင်မည်ကို အားလုံးနားလည်ထားကြသည်။ ပြီးခဲ့သည့်ကာလများက စာမတတ်မြောက်မှု၊ အသိအမြင် ဗဟုသုတများ ဆည်းပူးရှာဖွေမှု အားနည်းခဲ့သောကြောင့် အမှန်၊ အမှား၊ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးခွဲခြားနိုင်စွမ်းမရှိမှုတို့၏ အကျိုးဆက်ကို ယနေ့ကာလ ကြုံတွေ့ နေကြရသည်ကို တွေ့ရမည်ဖြစ်သည်။
အရုပ်၊ အသံ၊ စာ တွဲဖက်ပါဝင်လာသော ဒစ်ဂျစ်တယ်နည်းပညာခေတ်တွင် စာတတ်မြောက်ရေး အလှမ်းမဝေးတော့သည်မှာ သေချာသည်။ သိလိုစိတ်များပြင်းပြမှုနှင့် လွယ်လင့်တကူ လေ့လာနိုင်မှုကြောင့် စာတတ်မြောက်ရေးအဆင့်ထက်ကျော်လွန်ကာ ဆင်ခြင်တုံတရားရှိသည့် ပညာတတ်တစ်ဦးဖြစ်ဖို့အထိ နီးစပ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ စာမတတ်ခြင်းသည် ကျောင်းမနေခြင်းတွင် အကြောင်းခံသဖြင့် ကျောင်းနေအရွယ်တိုင်း ကျောင်းတက်နိုင်ရေး အစောပိုင်းကတည်းက တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ ကျောင်းမတက်နိုင်လျှင်လည်း ကျောင်းပြင်ပပညာရေး နည်းအဖုံဖုံရှိပြီးဖြစ်၍ ပညာကိုစိတ်ဝင်စားမှုသည်သာ လိုရင်း အချက်ဖြစ်သည်။
စာဖတ်ခြင်း၊ စာရေးခြင်း၊ အခြေခံအတွက်အချက်နှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှုတို့သည် စာတတ်မြောက်ခြင်းတွင် အခြေခံသည်။ ယနေ့ခေတ်သည် ဒစ်ဂျစ်တယ် နည်းပညာခေတ်ဖြစ်၍ စာတတ်မြောက်ရန် အလှမ်းမဝေးတော့ပြီဖြစ်သည်။ မြို့ပြများတွင် စာမတတ်မှုကင်းစင်သလောက်ရှိပြီး မြို့ပြနှင့်အလှမ်းဝေးသော ကျေးလက်ဒေသများတွင်မူ ပညာသင်ကြားနိုင်မှု အခွင့်အရေးနည်းသဖြင့် စာမတတ်သူရှိကောင်းရှိနိုင်မည်။ စာမတတ်သူပပျောက်ရေး ကျေးလက်အစွန်အဖျားအထိ လွှမ်းခြုံနိုင်ရေးအတွက် နိုင်ငံတော်က ဖြည့်ဆည်းပေးရမည်မှန်သော်လည်း စာတတ်မြောက်ပြီး ပြည်သူများ၏ စွမ်းဆောင်နိုင်မှုသည် အဓိကအင်အားတစ်ရပ် ဖြစ်သည်ကို သတိမူရမည်ဖြစ်သည်။
သို့ဖြစ်ရာ စာမတတ်သူပပျောက်ရေး အလှမ်းမဝေးတော့သည့် ဒစ်ဂျစ်တယ်ခေတ်ကို အမီလိုက်နိုင်ရန်အတွက် တစ်နိုင်ငံလုံးလွှမ်းခြုံ၍ စာတတ်မြောက်စေရန် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြခြင်းအားဖြင့် စာတတ်မြောက်ပြီး အသိဉာဏ် ဆင်ခြင်တုံတရားမြင့်မားသော ပညာတတ်များတိုးပွားစေရန်ပညာရေးကို အားပေးမြှင့်တင်ပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြော ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။