ဒီရေတောများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်မှု အခန်းကဏ္ဍသည် အထူးအရေးကြီး


Ministry of Information/ Naypyitaw / July 27, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၆

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိသစ်တောဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီဝင်ဌာနများမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သစ်တောဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့ကျင်းပသည့် “အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားသည် ဒီရေတောအရေးပါမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ဒီရေတောများထိန်းသိမ်းရေးနှင့် ပြန်လည်တည်ထောင်ရေးတွင် ပြည်သူများ နိုးကြားစွာဖြင့် ပိုမိုပူးပေါင်းပါဝင်လာစေရေးအတွက် “ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထုအသိပညာ မြှင့်တင်ပေး” ဟူသော ဆောင်ပုဒ်ဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း။

ဒီရေတောများသည် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုး ထောက်ပံ့ပေးနိုင်သည့်အပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာရှိကြောင်း၊ ဒီရေတောများသည် လူဦးရေတိုးလာခြင်းနှင့်အတူ ပျက်စီးမှုကြုံတွေ့နေရသည့်အတွက် ဒီရေတောသယံဇာတများ ထိန်းသိမ်းရေးနှင့် အသုံးပြုသူများအကြား ထိန်းညှိပေးပြီး ဟန်ချက်ညီညီဖွံ့ဖြိုးစေရေး အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒီရေတောများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်မှုအခန်းကဏ္ဍသည် အထူးအရေးကြီးပြီး လူထုအခြေပြု ဒီရေတောစိုက်ပျိုးခြင်း၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်း၊ အစိမ်းရောင်တံတိုင်း (Green Belt) များကို လူထုပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်ခြင်းတို့တွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သစ်တောဦးစီးဌာန ဝန်ထမ်းမိသားစုများအား ပညာသင်ထောက်ပံ့ရန်ပုံငွေနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “မြန်မာနိုင်ငံ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေး အားလုံးပါဝင် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသူများနှင့်အတူ ခင်းကျင်း ပြသထားသော အထိမ်းအမှတ် ပိုစတာများကို လှည့်လည်ကြည့်ရှုကြသည်။

ဒီရေတောများသည် ကမ္ဘာ့အပူပိုင်းမုတ်သုံရာသီဥတုရရှိသည့် နိုင်ငံပေါင်း ၁၂၃ နိုင်ငံတွင် ပေါက်ရောက်ပြီး ကမ္ဘာ့သစ်တောများ၏ ၀ ဒသမ ၄ ရာခိုင်နှုန်းသာရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကမ်းရိုးတန်း တိုင်းဒေသကြီးလေးခုနှင့် ပြည်နယ်နှစ်ခုတွင် ဒီရေတောဧရိယာ ဧက (၁ ဒသမ ၁) သန်းကျော် ပိုင်ဆိုင်ထားသည့်အတွက် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ဒီရေတောအမျိုးအစားနှင့် အခြေအနေပေါ်မူတည်၍ စီမံအုပ်ချုပ်ခြင်း မဟာဗျူဟာ (၃) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော ၄၄ ခု၊ အဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် သဘာဝထိန်းသိမ်းရေး နယ်မြေခြောက်ခု တည်ထောင်နိုင်ခဲ့ကာ မြန်မာနိုင်ငံ သစ်တောပြန်လည် တည်ထောင်ရေးစီမံကိန်း အစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ်အထိ ဒီရေတောစိုက်ခင်း ၂၁၈၃၀ ဧက တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်