ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရင်ပြင်နီနှင့် ဘယ်ဒန်အန်ခါရှိ အာကာသပြတိုက်တွင် လေ့လာ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရင်ပြင်နီနှင့် ဘယ်ဒန်အန်ခါရှိ အာကာသပြတိုက်တွင် လေ့လာ


Ministry of Information/ Naypyitaw / May 27, 2025
image_latest


နေပြည်တော် မေ ၂၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂၃ ရက် မွန်းလွဲပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တော်ရှိ ကမ္ဘာကျော်သမိုင်းဝင်နေရာများသို့ သွားရောက်လေ့လာသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့်ဘာသာရေးသမိုင်း ၏ အထိမ်းအမှတ် အဆောက်အအုံများတည်ရှိရာ အကြီးမားဆုံးနှင့် အကျော်ကြားဆုံး ရင်ပြင်ဖြစ်ကာ မော်စကိုမြို့တော်၏ သမိုင်းဝင်ဗဟိုချက်လည်းဖြစ်သည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရင်ပြင်နီ (လှပ သောရင်ပြင်) သို့ရောက်ရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော သူရဲကောင်းများအား ဂုဏ်ပြုထာဝရမီးဂူဖြစ်သည့် အညတရသူရဲကောင်းတစ်ဦး၏ ဂူဗိမာန်၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကိုအောင်နိုင်ခဲ့သော ဆိုဗီယက်ဗိုလ်ချုပ်ကြီး ဂျော့ဂျ်ဇူးကော့ဖ် ဂုဏ်ပြုရုပ်တု၊ Resurrection Gate၊ စစ်သမိုင်းပြတိုက်၊ စစ်ရေးပြနေရာ၊ ၁၈၉၃ ခုနှစ်တွင် ဗဟိုစျေးဝယ်စတိုးအဖြစ် စတင်ဖွင့်လှစ်ခဲ့သည့်ဂွန်း (GUM) ကုန်တိုက်၊ ၁၅၆၁ ခုနှစ်က တည်ဆောက်ခဲ့သည့် ဗာစီလီးဘလာရမ်းနီရီ ဘုရားကျောင်း၊ ကရင်မလင်နန်းတော် နံရံများနှင့် မျှော်စင်များ၊ ၁၈၁၂ ခုနှစ်တွင် နပိုလီယံ၏တပ်များကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သဖြင့် အများပြည်သူတို့၏ လှူဒါန်း ငွေများဖြင့် ၁၈၃၇ - ၁၈၈၃ ခုနှစ်များတွင် တည်ဆောက်ခဲ့သော ခရစ်စထ်စပါစီးကျေးလ်ဘုရား ရှိခိုးကျောင်း၊ မြို့တော်အလယ်ဗဟိုနေရာ (ဇီးရီုးကီလိုမီတာ)တို့တွင် လှည့်လည်လေ့လာ ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည်မော်စကို မြို့တော်မြောက်ပိုင်းရှိ စတာလင်လက်ထက် ၁၉၃၀ ပြည့်နှစ်ကျော်နှင့် ၁၉၅၄ ခုနှစ်အတွင်း တည်ဆောက်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုခေတ်၏ အမျိုးသားအကျိုးစီးပွား အောင်မြင်မှုသမိုင်းများကို ခင်းကျင်းပြသသည့် ပြတိုက်များ၊ အံ့သြဘနန်းဗိသုကာ လက်ရာများ၊ အပန်းဖြေဥယျာဉ်များတည်ရှိရာ ဘယ်ဒန်အန်ခါ (VDNKh) ပန်းခြံသို့ရောက်ရှိခဲ့ပြီး “Friendship of Peoples” ရေပန်းနှင့် ပြတိုက်များတွင် ကြည့်ရှုလေ့လာသည်။

ဒုတိယဝန်ကြီးသည် အက်တမ် (ATOM) ပြခန်းတွင် လေ့လာပြီးသည့်နောက် စတုရန်းမီတာ ၁၀၀၀ ကျော်ကျယ်ဝန်းသည့် လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းသို့ရောက်ရှိခဲ့ပြီး ဇုန် ၁ အာကာသ လမ်းမပြကွက်များ၌ အလေးချိန်တန်ပေါင်း ၃၀ ကျော်ရှိသည့် Mir orbital station အာကာသစခန်း၏ အရွယ်အစား အစစ်အတိုင်း ပြုလုပ်ထားသော ပုံစံတူမော်ဒယ်၊ အလိုအလျောက်ထိန်းချုပ်သော Diamond orbital station အပါအဝင် လက်တွေ့အရွယ်အစားရှိသော အာကာသစခန်းများ၊ ကမ္ဘာ့ပထမဆုံး အာကာသယာဉ်နှင့် အာကာသယာဉ်များ၏ ပုံစံများနှင့် ဒုံးပျံအင်ဂျင်နှင့် အရှိန်မြှင့်စက်များနှင့် ၂၀ ရာစု ရုရှားအာကာသပညာ၏ အောင်မြင်မှုများကို ဖော်ပြထားမှုများကိုလည်းကောင်း၊ ဇုန် ၂ တည်ဆောက်ရေးပြကွက်များ၌ အာကာသဆိုင်ရာဆေးပညာ၊ ဇီဝဗေဒနှင့်နက္ခတ္တဗေဒ သုတေသနများ၊ အာကာသစိုက်ပျိုးရေးပြကွက်များနှင့် "People in Space" အပိုင်းတွင် ကမ္ဘာ့ပထမဆုံး အမျိုးသားအာကာသယာဉ်မှူးဖြစ်သည့် ယူရီဂါဂါရင်နှင့် ကမ္ဘာ့ပထမဆုံး အမျိုးသမီးအာကာသယာဉ်မှူးဖြစ်သည့် ထရယ်ရုကော့ဗာတို့ အပါအဝင်ဆိုဗီယက်ခေတ်နှင့် ရုရှားအာကာသယာဉ်မှူးများ၏ စွမ်းဆောင်ရည်များ အကြောင်း ရှင်းလင်းဖော်ပြထားမှုများ၊ ဇုန် ၃ တွင် အနာဂတ်အာကာသစခန်းအဖြစ် စကြဝဠာ၏ တည်ဆောက်ပုံနှင့် အာကာသသိပ္ပံ ဖွံ့ဖြိုးတိုးတက်မှု၏ အလားအလာများ၊ ထူးခြားသော အပြန်အလှန်တုံ့ပြန်မှုရှိသည့် စမ်းသပ်ရေးယာဉ်များ၏ အကူအညီဖြင့် လာရောက်လေ့လာသူများသည် အာကာသထဲသို့ ခရီးထွက်နိုင်မှုများ၊ 5D Sphere ရုပ်ရှင်ရုံနှင့်မဟာ ပေါက်ကွဲမှုသီအိုရီမှ မားစ်ဂြိုဟ်တွင် လူသားတို့ အခြေချနေထိုင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှု အပါအဝင် စကြဝဠာကိုအောင်နိုင်မှု သမိုင်းပြကွက်များကို လေ့လာကြည့်ရှုသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ROSCOSMOS အပါအဝင် နိုင်ငံတကာ အာကာသအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော လေကြောင်းနှင့် အာကာသဆိုင်ရာ အင်ဂျင်နီယာ လူငယ်ကောင်းများကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,