ဒုတိယဝန်ကြီး ဦးကိုကိုကျော် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီး ဦးကိုကိုကျော် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / July 29, 2025
image_latest


နေပြည်တော် ဇူလိုင် ၂၈

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး Mr. Iskander Azizov အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အာဆီယံ-ရုရှားဆွေးနွေးဖက်ဆက်ဆံရေး ပိုမိုခိုင်မြဲလာစေရန် ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ကြီးမှူး၍ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်က ကျင်းပခဲ့သည့် အာဆီယံ - ရုရှား နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ဖြစ်ပေါ်တိုးတက်မှုရလဒ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ထို့ပြင် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ်ကဲ့သို့သော အာဆီယံဦးဆောင်သည့် ယန္တရားများအောက်မှ အာဆီယံနှင့် ရုရှားအကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအပါအဝင် အကျိုးတူကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ၂၀၂၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ-ရုရှားအွန်လိုင်းစစ်တုရင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကစားသမားခြောက်ဦးကို ရုရှားနိုင်ငံ သံအမတ်ကြီးက အမှတ်တရလက်ဆောင်ပေးအပ်ခြင်းနှင့် မော်စကိုဒေသစစ်တုရင်အဖွဲ့ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းဖက်ဒရယ်ကောင်စီအဖွဲ့ဝင် Mr. Sergei Karjakin ၏ လက်မှတ်ရေးထိုးထားသည့် စစ်တုရင်ခုံကို ဒုတိယဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်