ဒုတိယဝန်ကြီး ဦးမင်းမင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ ယာယီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမင်းမင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ ယာယီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / February 22, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်တို့သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ယာယီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ဆိုက်ကပ်ရောက်ရှိလာသော ရန်ကုန် - ရနောင်း နယ်စပ်ကုန်သွယ်မှု အထွေထွေကုန်ပစ္စည်းတင် ကုန်တင်သင်္ဘောများ၏ ဆိပ်ကမ်းများသို့ ဆိုက်ကပ်ဝင်ရောက်မှု၊ ကုန်စည်များ ရှင်းလင်းထုတ်ယူနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် ယာယီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သည့် မုတ္တမဆိပ်ကမ်းနှင့် ရွှေမဲဆိပ်ကမ်းများ သို့ရောက်ရှိရာ ဆိပ်ကမ်းတာဝန်ရှိသူများက ရန်ကုန်-ရနောင်းနယ်စပ်ကုန်သွယ်မှု၊ အထွေထွေကုန်ပစ္စည်းတင် ကုန်တင်သင်္ဘောများ ဆိုက်ကပ်ရောက်ရှိမှု၊ ကုန်ပစ္စည်းများ တင်/ချဆောင်ရွက်နေမှု၊ အကောက်ခွန်ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားဖြည့်ဆည်းကာ ဆိပ်ကမ်း များအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သည့် အေးရှားဝေါဆိပ်ကမ်း၊ AIPT ဆိပ်ကမ်း၊ YIGT ဆိပ်ကမ်းနှင့် MIP ဆိပ်ကမ်းများသို့ ရောက်ရှိရာ ဆိပ်ကမ်းတာဝန်ရှိသူများက ရန်ကုန်-ရနောင်း နယ်စပ်ကုန်သွယ်မှု၊ အထွေထွေကုန်ပစ္စည်းတင် ကုန်တင်သင်္ဘောများ ဝင်ရောက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု၊ နိုင်ငံခြားသင်္ဘောကြီးများ ဆိုက်ကပ်ဝင်ရောက်ချိန် နယ်စပ်ကုန်သွယ်မှု၊ ကုန်တင်သင်္ဘောများ ဆိုက်ကပ်ဆောင်ရွက်မှုလုပ်ငန်း အခက်အခဲများအပေါ် လိုအပ်သည်များ မှာကြားကာ ဆိပ်ကမ်းများအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး၌ ဌာနဆိုင်ရာများနှင့်အတူ ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရန်ကုန်-ရနောင်း ရေလမ်းကြောင်းမှ တစ်ဆင့် ကုန်တင်သင်္ဘောအစင်းလိုက် သွင်းကုန်လိုင်စင်ခွင့်ပြုမှုအရ ရန်ကုန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်ရောက်ရှိခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးရေးဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးနိုင်ရေးလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
