ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမျိုးမြင့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / September 14, 2025

နေပြည်တော် စက်တင်ဘာ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူယနေ့တွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းဆောင် ရွက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် SOP အတိုင်း ဆောင်ရွက်ရေး၊ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် (PE)၊ မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာ (RSE)များဖြင့် ကြီးကြပ်ဆောင်ရွက်ရေး၊ အသုံးပြုသည့်ပစ္စည်းများ အရည်အသွေးပြည့်မီပြီးလက်ရာ သေသပ်ကောင်းမွန်စေရေး၊ လုပ်ငန်းများဆောလျင်စွာပြီးစီး၍ ပြန်လည်အသုံးပြုနိုင်ရေးနှင့် သတ်မှတ်ချိန်အတွင်း စီမံချက်အတိုင်းပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် အဆောက်အဦဦးစီးဌာန အဆောက်အဦ အထူးအဖွဲ့(၇)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံကြီး အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သတ်မှတ်ထားသည့် အရည်အသွေးပြည့်မီစေရေးအတွက် SOP အတိုင်းဆောင်ရွက်ရေး၊ ဌာနမှမှတ်ပုံတင် အင်ဂျင်နီယာပညာရှင်(PE)၊ မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ(RSE)များဖြင့် ကြီးကြပ်ဆောင်ရွက်ရေး၊ သတ်မှတ်ချိန်အတွင်း ပြီးစီးရေးဆောင်ရွက်သွားရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာစိုပြေ လှပစေရေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားကာ လုပ်ငန်းဆောင်ရွက်နေမှုကို အသေးစိတ်လိုက်လံကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူး အဖွဲ့(၄)မှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် သားဖွား၊ မီးယပ်ရောဂါ အထူးကုဆေးရုံကြီးအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် SOP အတိုင်းဆောင်ရွက်ရေး၊ ပြန်လည်ပြုပြင် ရာတွင်အရည်အသွေး ပြည့်မီစေရန်၊ ခိုင်ခံ့မှုရှိစေရန်၊ စနစ်တကျ ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက် သွားရန်တို့ကိုမှာကြားပြီး ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေသည့် အဆောက်အအုံများကို အသေးစိတ်လိုက်လံကြည့်ရှု စစ်ဆေးသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော အဆောက်အအုံများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက်အဦကော်မတီအဖွဲ့ တို့ပူးပေါင်း၍ ပျက်စီးမှုအမျိုးအစားအလိုက် ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်း SOP များရေးဆွဲ၍ အဆိုပါ SOP များအတိုင်း ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်