ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 26, 2026
image_latest


နေပြည်တော် ဧပြီ ၂၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း​ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပနိုင်ရေးအတွက် သမိုင်းဝင်အဆောက်အအုံများ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) သို့ရောက်ရှိပြီး ပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် မော်တော်ယာဉ်ထားရှိသည့် အဆောက်အအုံ၊ ရေကန်ပြုပြင် မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊ ကြမ်းခင်း/နံရံ နေရာများတွင် Epoxy Mortar ဖြင့် ပြုပြင်ခြင်း၊ ပြတိုက်အမိုး၊ ပြတိုက်အတွင်း မျက်နှာကြက်၊ လှေကား၊ ကျွန်း သစ်သားနံရံများ၊ ကျွန်းသစ်သား အခင်းများ၊ ဝရန်တာများ၊ ကျွန်းတံခါး၊ ပြတင်းများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိရာ အဆောက်အဦဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်ဂျင်နီယာချုပ်က လုပ်ငန်းလျာထားချက်ပါအတိုင်း မြေထိန်းနံရံပြုပြင်ပြီးစီးမှု၊ ပြတိုက်အမိုးများ၊ ကျွန်းသစ်သားမျက်နှာကြက်များ၊ ကျွန်းသစ်သားကြမ်းခင်းများ၊ သစ်သားတိုင်/ရက်မများ၊ ကျွန်းသစ်သား‌လှေကားများ၊ ကျွန်းပြတင်းတံခါးများ၊ အဆောက်အအုံ၏နံရံနှင့် ရေချိုးခန်း၊ သန့်စင်ခန်းများ၊ အတွင်း လျှပ်စစ်မီးကြိုးနှင့် မီးခလုတ်၊ မီးလုံးများ ရှေးမူလက်ရာ မပျက်ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်ခြင်း လုပ်ငန်းများကို သာသနာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ရှေးမူလက်ရာမပျက် စနစ်တကျ ပြုပြင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဗိသုကာကောင်စီတို့ က ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်ကျောက်စာတိုင် စိုက်ထူနေမှုနှင့် သမိုင်းဝင်သာသနိက အဆောက်အအုံများဖြစ်သည့် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၊ ကမ္ဘာအေးမဟာ သိမ်တော်ကြီး၊ ဗုဒ္ဓသာသနာ့ဆေးရုံ၊ ဥတ္တရကုရုကျောင်းဆောင်၊ ပုဗ္ဗဝိဒေဟကျောင်းဆောင်၊ အပရ ဂေါယာနကျောင်းဆောင်၊ ဇမ္ဗုဒီပ ကျောင်းဆောင်၊ သုံးထပ်ဆွမ်းစားကျောင်းဆောင်ကြီးနှင့် ပိဋကတ်ပုံနှိပ်တိုက်စသည့် သမိုင်းဝင်သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သမိုင်းဝင်အထင်ကရ အဆောက်အအုံများပြင်ဆင်ရာတွင် ရှေးမူလက်ရာများအတိုင်း ခေတ်နှင့်လျော်ညီသည့် စနစ်များနှင့် ရေရှည်တည်တံ့ကောင်းမွန် စေမည့်စနစ်များဖြင့် ယဉ်ကျေးမှုဗိသုကာများနှင့်အညီ ဆောင်ရွက်သွားရန်၊ လုပ်ငန်းများသတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်