ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ


Ministry of Information/ ​နေပြည်တော် / November 08, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၈

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေး လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးငွေ ရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ ဦးကျော်သောင်း က လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချေးငွေဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ နိုင်ငံတကာ အထောက်အပံ့များဖြင့် ဆောင်ရွက်သည်ဖြစ်စေ ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ ဖြစ်စေရန် လိုအပ်ပါကြောင်း၊ ထို့အတူ အလေအလွင့်မရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း အဆင့်ဆင့်က ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ IDA ၏ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁၀၀ သည် ဆိုင်းငံ့ကာလ (၅) နှစ်၊ ပြန်ဆပ်ကာလ (၂၅) နှစ် စုစုပေါင်းနှစ် (၃၀) ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁ ဒသမ ၂၅ ရာ ခိုင်နှုန်းနှင့် ဝန်ဆောင်ခမှာ ၀ ဒသမ ၇၅ ရာခိုင်နှုန်း ဖြစ်သည့်အတွက် သင့်တင့်လျောက်ပတ်မှုရှိပါကြောင်း။

ထို့ကြောင့် စီမံကိန်းဆောင်ရွက်မှုအတွက် ချေးငွေရယူသင့်ပါကြောင်း ထောက်ခံ ဆွေးနွေးသည်။

ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း က ယခုချေးငွေသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေး ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမည် ဖြစ်သည့်အတွက် ချေးယူသင့် ပါကြောင်း၊ သို့သော် ချေးငွေဆောင်ရွက်သော စီမံကိန်းများကို စနစ်တကျနှင့် အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် စီမံကိန်းတွင် ပညာရေး ဝန်ကြီးဌာန အောက်ရှိ အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း လုပ်ငန်းများနှင့် စံသတ်မှတ်ချက်များ၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု၊ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အစီအစဉ်ရေးဆွဲခြင်း၊ လေ့လာကြီးကြပ်ခြင်း၊ လုပ်ငန်းခွင်အတွင်း သင်တန်းပေးခြင်းအပြင် အရည်အသွေးရှိသော အခြေခံပညာကို သင်ယူခွင့်ရရှိအောင် အခွင့်အလမ်းများ တိုးမြှင့်ပေးနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု ဖော်ပြထားပါကြောင်း။

သို့သော် အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်သကဲ့သို့ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည် ကိုလည်း မြှင့်တင်ပေးရန် လိုအပ်ပါ ကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှု နည်းစနစ်မှန်ကန်အောင် ပိုမိုလေ့ကျင့် သင်တန်းပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အခြေခံပညာကျောင်း များတွင် ဆရာ၊ ဆရာမများ လုံလောက်စွာ ခန့်ထားရန်လည်း လိုအပ်နေပါကြောင်း၊ သို့သော်လည်း ယခုစီမံကိန်း စံသတ်မှတ်ချက်နှင့် ကိုက်ညီသော မြို့နယ် ၁၁၅ မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၁၅၀၀ဝ ခန့်တွင် အရည်အသွေးရှိသော အခြေခံပညာကို သင်ယူခွင့်ရရှိအောင် အခွင့်အလမ်းများ တိုးမြှင့်ပေးနိုင်မည့် အကျိုးကျေးဇူးများရရှိမည်ဟု ဖော်ပြထားသည့်အတွက် ချေးငွေရယူမှုကို ထောက်ခံ ပါကြောင်း ဆွေးနွေးသည်။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း က လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေး လုပ်ငန်း အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်းဖြစ်သည့်အတွက် ကျောင်းသူ၊ ကျောင်းသားတိုင်း အခွင့်အလမ်းရရှိရန် အထူးလိုအပ်ပြီး မျှမျှတတ ဆောင်ရွက် ရန်လည်း လိုအပ်ပါကြောင်း၊ အခြားဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများမှာ လိုအပ်ချက်ရှိသည့် ဒေသများကို ရွေးချယ်ဆောင်ရွက် ပေး၍ရသော်လည်း ပညာရေးလုပ်ငန်းမှာ ချန်လှပ်၍ မရပါကြောင်း၊ ရွေးချယ်မှု စနစ်များမှာ အညွှန်းကိန်းများဖြင့် ဆောင်ရွက်ထားသည်ဟု သိရှိရသော်လည်း မှန်ကန်မှုနှင့် ပွင့်လင်းမြင်သာမှု ကိုလည်း ဦးစားပေးဆောင်ရွက်သင့်ပြီး ရွေးချယ်မှုစနစ်ကိုလည်း အသေးစိတ်ဆွေးနွေးသင့်ကြောင်းနှင့် ပြန်လည်စိစစ် ရွေးချယ်ပေး သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)မှ ဦးဇော်ဟိန်း၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်မြင့်၊ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဦးဝင်းမြင့်၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးကိုကိုနိုင်တို့က ဆက်လက်ဆွေးနွေး ကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သော တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ယင်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၁၅/၂၀၁၉) တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက တည်ဆောက်ရေးလုပ်ငန်းများတွင် ကုမ္ပဏီများအနေဖြင့် အချိန်နှင့် တပြေးညီ မတည်ဆောက်နိုင်ခြင်း ကိစ္စရပ်သည် အခြေခံပညာကျောင်းများ တည်ဆောက်ရေးတွင် မည်သို့မျှ မဖြစ်သင့်ပါကြောင်း၊ အခြေခံပညာကျောင်းများသည် ဇွန်လ တွင် ကျောင်းများဖွင့်လှစ်ခြင်း ဖြစ်သည့်အတွက် အခြားတည်ဆောက်ရေး လုပ်ငန်းများနှင့် မတူဘဲ ကျောင်းဖွင့်ချိန်အမီ အားစိုက်၍ တည်ဆောက်ပေးမည်ဆိုပါက ပိုမိုအဆင်ပြေစေမည် ဖြစ်ပါကြောင်း၊ သို့သော် ကျောင်းဖွင့်ချိန်အမှီ ပြီးစီးသည့် ကျောင်းတစ်ခုမှ မရှိသကဲ့သို့ သတ်မှတ်ချိန် အမှီ မပြီးစီးချင်းကလည်း ပညာ သင်ကြားနေသူများအား အခက်အခဲ ဖြစ်စေ ပါကြောင်း။

ထို့ပြင် တင်ဒါစိစစ်ရွေးချယ်ရာတွင် အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ပါက ကုမ္ပဏီဆိုင်ရာ အချက်အလက်များ အပါအဝင် နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ အကဲဖြတ်မှုအတွက် အမှတ် ၇၀ ပေးထားပြီး တင်ဒါယှဉ်ပြိုင်ဈေးနှုန်းကို အမှတ် ၃၀ ပေးထားရာတွင် လက်တွေ့မြေပြင်၌ ကုမ္ပဏီဆိုင်ရာ အချက်အလက်ကို အဓိကမထားဘဲ ဈေးအနည်းဆုံးသူကို ဦးစားပေး တင်ဒါပေးခြင်း ကလည်း လုပ်ငန်းများ အရည်အသွေးမပြည့်မီမှု၊ အချိန်မီမပြီးစီးမှုနှင့်အတူ ကုမ္ပဏီတစ်ခုတည်းမှ နာမည် အမျိုးမျိုးဖြင့် Lot များကိုယူထားပြီး မနိုင်မနင်း လုပ်ဆောင်နေရ မှုများကြောင့် အမှန်တကယ် နစ်နာသူများမှာ ဒေသခံပြည်သူများ ဖြစ်သည့်အတွက် နိုင်ငံတော် ၏ ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူ့ဘဏ္ဍာများကို လိုအပ်သည့်နေရာများကို တိုက်ရိုက် အကျိုးပြုပြည့်ဝစွာ ရောက်ရှိနိုင်စေရေးမှာ လိုအပ်နေသေးပါကြောင်း ဆွေးနွေးသည်။

မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက အစီရင်ခံစာကို လေ့လာကြည့်ရာတွင် ခွင့်ပြုပေးခဲ့သည့် စာသင်ကျောင်းများ ရာခိုင်နှုန်းပြည့် တည်ဆောက်ပြီးစီးမှု များစွာအားနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းအဆင့်တိုင်းတွင်လည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်မှု မရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ အစီရင်ခံစာ၏ အပိုဒ် ၅ နှင့် အပိုဒ် ၆ အရဆိုပါက တင်ဒါလုပ်ငန်းစဉ်များကို ပထမ (၃) လပတ်အတွင်း ဆောင်ရွက်နိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လုံးဝမရှိသည်ကို သိရှိရပါကြောင်း၊ ဘတ်ဂျက်အတည်ပြုပြီး ပထမ (၃) လအတွင်းသာ တင်ဒါကိစ္စရပ်များ ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက အဆင်ပြေချောမွေ့သွားမည် ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်များတွင် အဆင်ပြေချောမွေ့ စေရန်အတွက် ယခုအစီရင်ခံစာတွင် ဖော်ပြထားသော ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ လေ့လာသုံးသပ်ချက်များကို သင်ခန်းစာယူ၍ အစီရင်ခံစာ၏ အပိုဒ် ၂၀၊ ၂၁၊ ၂၂၊ ၂၃ နှင့် ၂၄ တို့ အား အလေးထားလိုက်နာ ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ ဦးဝင်းမောင်က မကွေးတိုင်းဒေသကြီး အစိုးရအနေဖြင့် မကွေးခရိုင်၊ မင်းဘူးခရိုင်တို့အတွက် အဖွဲ့ဝင် ၈ ဦးပါဝင်သည့် Quality Control (QC) အဖွဲ့ကို တာဝန်ခံပေးအပ်ထားသော်လည်း နယ်မြေ ကျယ်ဝန်းခြင်း၊ အဆောက်အဦများပြားခြင်း၊ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း QC အဖွဲ့ကို စောင့်ဆိုင်း နေရသည့်အတွက် လုပ်ငန်းလုပ်ကိုင်သည့်အခါ နှောင့်နှေးမှုများ ပါဝင်နေကြောင်းကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ ရည်မှန်းချက်သည် ပညာရေးမြှင့်တင်ရန်အတွက် ကျောင်းများတည်ဆောက်သော်လည်း ကျောင်းများအတွင်း၌ စာသင်ယူမည့် ကျောင်းသား၊ ကျောင်းသူများရှိပြီး ဆရာ၊ ဆရာမ မရှိခြင်းနှင့် ကျောင်းအုပ်မရှိခြင်းတို့ကြောင့် ရည်မှန်းချက် အောင်မြင်ရန် မနီးစပ်နိုင် ဖြစ်နေပါကြောင်း၊ နေ့စားလပေးဆရာ၊ ဆရာမများ ခန့်ထားရေး၊ ပြောင်းရွှေ့ခြင်းကိစ္စများကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်များတွင် တာဝန်နှင့် လုပ်ပိုင်ခွင့် အဆင့်အလိုက် အပြီးပိုင် လွှဲပြောင်း ပေးသင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် အစီရင်ခံစာအမှတ်စဉ် (၁၅/၂၀၁၉) တို့နှင့် စပ်လျဉ်း၍ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၊ ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်၊ အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) ဦးတင်အောင်ထွန်း၊ မင်းလှမဲဆန္ဒနယ်မှ ဦးကျော်ကြီး (ခေါ်) ဦးအုန်းခင်၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) မှ ဦးကျင့်ခန့်ပေါင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ ဦးထိန်ဝင်း၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ဦးရွှေကို၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးကျော်မြင့်ဦးနှင့် လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်း တို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို နိုဝင်ဘာ ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်

 

HOT NEWS
January 4,