ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး တွန်းအားပေးဆောင်ရွက်

ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး တွန်းအားပေးဆောင်ရွက်


Ministry of Information/ Naypyitaw / April 22, 2023
image_latest


နေပြည်တော် ဧပြီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေသတွင် တည်ဆောက်လျက်ရှိသည့် ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မိုင်းခုတ်ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်မည့်နေရာတို့ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၆၆/၁၁ ကေဗွီ(၁၀)အမ်ဗွီအေ မိုင်းခုတ်ဓာတ်အားခွဲရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဓာတ်အားခွဲရုံတွင် တပ်ဆင်အသုံးပြုမည့် ထရန်စဖော်မာနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများ ရောက်ရှိနေရာချထားမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားခွဲရုံတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် သတ်မှတ်ထားသည့် အချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်မှာကြားပြီး ဓာတ်အားခွဲရုံအတွင်း Control Building တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဓာတ်အားခွဲရုံသုံး ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိနေရာချထားနေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။      

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိုင်းခုတ်မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်မည့်နေရာသို့ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူတို့က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ပဏာမစူးစမ်းလေ့လာထားမှုနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို မြန်မြန် ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင်လည်း ခေတ်မီအဆင့်မြင့် နည်းပညာများအသုံးပြု၍ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သို့မှသာ ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း သက်သာသွားမည် ဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်ပြီးပါကလည်း ထွက်ရှိလာမည့်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများကိုလည်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အကောင် အထည်ဖော် တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားလိုင်းများ တည်ဆောက်နိုင်ရန်အတွက် လမ်းအူကြောင်းတိုင်းတာခြင်း လုပ်ငန်းများကိုလည်း အမြန်ဆုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားကာ အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန်အတွက် ကုန်ကြမ်းထုတ်လုပ် နိုင်မှုပမာဏနှင့် ဓာတ်အားထုတ်လုပ်နိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့အနီးတွင် ဆောင်ရွက်မည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ တာဝန်ရှိသူများက အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်နိုင်ရေးဆောင်ရွက်သွားမည့် အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးတွန်းအားပေး ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန်အတွက် ကုန်ကြမ်းထုတ်လုပ်နိုင်မှုပမာဏနှင့် ဓာတ်အားထုတ်လုပ်နိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,