နတ်မောက်မြို့နယ်၊ ဒီးဒုတ်ခင်ကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ကို ပစ်ခတ်သတ်ဖြတ်
နတ်မောက်မြို့နယ်၊ ဒီးဒုတ်ခင်ကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ကို ပစ်ခတ်သတ်ဖြတ်
Ministry of Home Affairs/ နေပြည်တော် / December 26, 2022
NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းသား၊ ဆရာ၊ မိဘများအားခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည်ဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဒီးဒုတ်ခင်ကျေးရွာနေ အခြေခံပညာအလယ်တန်းကျောင်း (ဒီးဒုတ်ခင်)မှ အလယ်တန်းပြဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့နှစ်ဦးသည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီးသေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ခဲ့၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဆရာမဖြစ်သူသည် ဖြစ်စဉ်နေရာ၌ပင်သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူသည် ကျည်ထိမှန်ဒဏ်ရာ များရရှိခဲ့သဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။