နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်
နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်
Ministry of Information/ Naypyitaw / November 20, 2023

နေပြည်တော် နိုဝင်ဘာလ ၂၀
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း တရုတ်နိုင်ငံသား အမျိုးသား ၉၈၂ ဦး၊ အမျိုးသမီး ၆၀ ဦး၊ စုစုပေါင်း ၁၀၄၂ ဦးတို့အား စိစစ်ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၀ ရက်အတွင်း တရုတ်နိုင်ငံသား အမျိုးသား ၁၉၁၇ ဦး၊ အမျိုးသမီး ၁၄၂ ဦး၊ စုစုပေါင်း ၂၀၅၉ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီ လိုအပ်သည့် စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။