နယ်စပ်ရေးရာဝန်ကြီးဌာနက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ
နယ်စပ်ရေးရာဝန်ကြီးဌာနက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ
Ministry of Information/ Naypyitaw / September 16, 2025

နေပြည်တော် စက်တင်ဘာ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ဟွေ့ရေခေါက်-ဒုံလိတန်ကျေးရွာချင်းဆက် ကျောက်လမ်း ၁၂ မိုင် ၂ ဖာလုံ အနက် ၃ မိုင် ကတ္တရာခင်းပြီးကျန် ၉ မိုင် ၂ ဖာလုံမှ ၄ ဖာလုံ ကတ္တရာခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံကျေးရွာ ၁၀ ရွာမှ လူဦးရေ ၂၂၆၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသား ပြည်သူများထံမှသိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၇၇၉၇ ဒသမ ၅၆၃ သန်းဖြင့် မြေလမ်းကိုးမိုင်၊ ကျောက်လမ်းပြုပြင်ထိန်းသိမ်းခြင်းနှစ်မိုင်၊ ကျောက်လမ်း ၉ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၃ မိုင် ၁ ဖာလုံ၊ ကွန်ကရစ်လမ်း ၂ မိုင် ၆ ဒသမ ၆ ဖာလုံ၊ ကွန်ကရစ်တံတားလေးစင်း၊ Box Culvert ၂၃ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်းလုပ်ငန်းတစ်ခု၊ ကျောက်စီရေမြောင်း နှစ်ဖာလုံ၊ ပညာရေးလုပ်ငန်းတစ်ခု၊ မီးသွယ်တန်းခြင်းလုပ်ငန်းတစ်ခု၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်းလုပ်ငန်းသုံးခု၊ သာသနာရေးလုပ်ငန်းလေးခုနှင့် ဦးစီးဌာနလုပ်ငန်းငါးခုတို့ကို အကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်