နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး


Ministry of Religious Affairs & Culture/ Naypyitaw / March 07, 2025
image_latest


   နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမအစည်းအဝေးကို ၃-၃-၂၀၂၅ ရက်နေ့၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

   အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညို ကြသည်။

 

 

   အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ သီဟနာဒက ဆောင်ရွက်တော်မူသည်။

 

 

   ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေး စတင်ကြောင်းနှင့် ကြွရောက်တော်မူလာ ကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

            ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသက အစားထိုး ရွေးချယ်ခံတော်မူရသည့် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်များ၏ ဘွဲ့အမည် စာရင်းကိုတင်သွင်းလျှောက်ထားပြီး အစည်းအဝေးသဘာပတိဆရာတော်က အတည်ပြုချက်ရယူကာ နံနက်ပိုင်းအစည်းအဝေးကို ရပ်နားလိုက်သည်။

   မွန်းလွဲပိုင်းတွင်  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး သဘာပတိဥက္ကဋ္ဌဆရာတော်ကြီးက နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်များနှင့် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်များ၏ အမည်စာရင်းကို ဖတ်ကြားတင် သွင်း၍ အတည်ပြုချက်ရယူသည်။

   ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့နှင့် နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ၂၆ ပါးတို့အား နိုင်ငံတော်ဝိနည်းဓိုရ်လက်မှတ်များကိုလည်းကောင်း၊ အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် ပညာရေးဗဟိုအဖွဲ့ဆရာတော် ၂၃ ပါးတို့အား အသိအမှတ် ပြုလွှာများကိုလည်းကောင်း၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က ဗုဒ္ဓတက္ကသိုလ်အဖြစ် အသိအမှတ်ပြုထားသော ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်နှင့် ပန်းတစ်ပွင့်တောင် ဗုဒ္ဓသာသနာပြု တက္ကသိုလ်များကို ဗုဒ္ဓတက္ကသိုလ်အဖြစ် အသိအမှတ်ပြုလွှာများကိုလည်းကောင်း ဆက်ကပ်ပေးအပ် တော်မူသည်။

 

 

 

 

 

 

 

   ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ သတ္တမအစည်းအဝေးနှင့် နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ပထမအစည်းအဝေးတို့တွင် ချမှတ်ခဲ့သည့် အစားထိုး ရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့သမိုင်းဝင် မှတ်တမ်းစာအုပ်၌ ဩဝါဒါစရိယဆရာတော်ကြီး ၁၅ ပါး၊ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင် ဆရာတော်၊ ရွှေကျင်ဂိုဏ်း၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ စတုဘုမ္မိကမဟာသတိပဋ္ဌာန်ငှက်တွင်းဂိုဏ်း၊ ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း၊ ဓမ္မဝိနယာနုလောမမူလဒွါရနိကာယဂိုဏ်း၊ ဓမ္မနုဓမ္မမဟာဒွါရ နိကာယဂိုဏ်း၊ ဝေဠုဝန်နိကာယဂိုဏ်း၊ အနောက်ချောင်းဒွါရဂိုဏ်း၊   ဂိုဏ်းအသီးသီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတို့မှ ကိုယ်စားလှယ်တစ်ပါးစီတို့က လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်တော်မူကြသည်။

 

 

 

   ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက နိဂုံးချုပ် ဥယျောဇနကထာကို မြွတ်ကြားတော်မူရာ  ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများက နာယူ တော်မူကြသည်။

   ဆက်လက်၍ကြွရောက်တော်မူလာကြသည့် ဆရာတော်အားလုံးက “ဇယန္တော ဗောဓိယာ မူလေ” အစချီ နှစ်ဂါထာကို သုံးကြိမ် ရွတ်ဆိုတော်မူကြပြီး “သာဓု” သုံးကြိမ် ခေါ်ဆိုကာ နဝမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ပထမအစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

   အစည်းအဝေးအပြီးတွင် ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)+ဇနီးဒေါ်ကြိုင်ကြိုင် မိသားစုနှင့် ဓမ္မမိတ်ဆွေများက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း ဖော်ပြအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန