နိုင်ငံတကာအဆင့် မြန်မာ့တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ၏ ဝမ်းမြောက်ဂုဏ်ယူဖွယ်စကားသံများ

နိုင်ငံတကာအဆင့် မြန်မာ့တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ၏ ဝမ်းမြောက်ဂုဏ်ယူဖွယ်စကားသံများ


Ministry of Information/ Naypyitaw / October 01, 2023
image_latest


အကြိမ်(၃၀)မြောက် တပ်မတော်ဆေး ပညာနှီးနှောဖလှယ်ပွဲကြီးကို ပြည်တွင်း၊ ပြည်ပမှဆေးပညာရှင်များ၊ ပါရဂူများဖြင့် ပြင်ဦးလွင်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင် - ၇၀၀) တွင် အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါကွန်ဖရင့်အကြို အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်ရေးခန်းမဆောင်၌ စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက် တို့တွင် ပြည်တွင်း၊ ပြည်ပမှ အရိုးရောဂါဆိုင်ရာ ပါမောက္ခများ၊ စစ်ဘက်နှင့်အရပ်ဘက် အရိုးအထူးကုဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ ထင်ရှားကျော်ကြားသော လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်တို့မှ ပါမောက္ခများနှင့် ဘွဲ့လွန်ကျောင်းသားများ တက်ရောက်ခဲ့ကြပြီး သက်မဲ့ခန္ဓာကိုအသုံးပြု၍ လက်တွေ့လေ့ကျင့်သင်ကြား ဆွေးနွေးခွင့်ရရှိခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲမှ ဝမ်းမြောက်ဂုဏ်ယူဖွယ်စကားသံတို့ကို ဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးချုပ် ခင်အောင်ထွန်း (တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်)

တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ရဲ့ အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆိုင်ရာ ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့အနေနဲ့ ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့တာ အကြိမ် (၃၀)ရှိပါပြီ။ ဒီနှစ် အကြိမ်(၃၀)မြောက် ကွန်ဖရင့်က ထူးခြားပါတယ်။ အရင်က ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့ပြီးတော့ ဒီနှစ်ပြင်ဦးလွင်မြို့မှာ ကျင်းပသွားမှာပါ။ ပြင်ဦးလွင် အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၇၀၀)ဟာ နှစ်(၁၀၀) ပြည့်ခဲ့ပြီး ဆေးရုံကြီးအနေနဲ့ တပ်မတော်နဲ့တိုင်းပြည်အကျိုးကို ထမ်းဆောင်ခဲ့တာ နှစ်ပေါင်း(၁၀၀) ပြည့်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဆေးပညာနှီးနှောဖလှယ်ပွဲကြီးကို ပြင်ဦးလွင်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ညီလာခံမှာ အလုပ်ရုံဆွေးနွေးပွဲနှစ်ခုပြုလုပ်ဖို့ စီစဉ်ဆောင်ရွက် ထားပါတယ်။ ကျင်းပပြုလုပ်ခဲ့တဲ့ Flap Surgery in Combat Medical Care ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲက ညီလာခံအကြို အလုပ်ရုံဆွေးနွေးပွဲ တစ်ခုဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနက ဦးစီးဆောင်ရွက်တာ ဖြစ်ပါတယ်။

Flap Surgery in Combat Medical Care ဆိုတာက စစ်မြေပြင်ဒဏ်ရာ (သို့မဟုတ်) အခြားသောထိခိုက်မှုကြောင့် ရရှိတဲ့ဒဏ်ရာတွေမှာ ဒဏ်ရာပြန်လည် ပိတ်ဖို့မလွယ်ကူတဲ့ကိစ္စတွေမှာ အခြားတစ်နေရာက အသားအစားထိုးပြီး ခွဲစိတ်ကုသတဲ့နည်းလမ်းမျိုးစုံကို လက်တွေ့လေ့လာဆွေးနွေးကြတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အောင်မြင်ဖို့ အရိုးရောဂါပညာဌာနနဲ့ တပ်မတော်ဆေးတက္ကသိုလ်တို့ ကြိုးစားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲက ခွဲစိတ်မှုပိုင်းဆိုင်ရာလေ့ကျင့် မှုမှာဆိုရင် တပ်မတော်ဆေးတက္ကသိုလ်မှာ လာရောက်လှူဒါန်းထားတဲ့ သက်မဲ့ဆရာ (Silent Mentor) လို့ အမည်ပေးထားတဲ့ သက်မဲ့ခန္ဓာနဲ့ ခွဲစိတ်လေ့ကျင့်တာပါ။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အရေးအကြီးဆုံးဟာ သက်မဲ့ဆရာများ ဖြစ်ပါတယ်။ ကြည်ဖြူစွာနဲ့ လေ့ကျင့်သင်ယူခွင့်ရအောင် ခန္ဓာကို လှူဒါန်းခဲ့တဲ့အတွက် သက်မဲ့ဆရာများအဖြစ် ဂုဏ်ပြုခေါ်ဝေါ်ထားပါတယ်။

အထူးသဖြင့် သက်မဲ့ခန္ဓာကိုအသုံးပြုတဲ့ အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်ရာမှာ ခက်ခဲပါတယ်။ ဒီလိုအခက်အခဲတွေကြားက တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေနဲ့ နောင်အနာဂတ်မှာ ပါရဂူဖြစ်လာမယ့် ပါရဂူလောင်းများအတွက် လေ့ကျင့်သင်ကြားပေးဖို့ လိုအပ်နေတာကြောင့် မဖြစ်မနေဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ အိန္ဒိယနိုင်ငံက လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသပါရဂူတစ်ဦးကို ဖိတ်ခေါ်ပြီး ခွဲစိတ်မှုပိုင်းဆိုင်ရာမှာ ပူးပေါင်းဆောင် ရွက်နိုင်ခဲ့တာကြောင့် အလုပ်ရုံဆွေးနွေးပွဲဟာ မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့အနေနဲ့ အရိုးရောဂါပညာ အစားထိုးခွဲစိတ်ကုသမှုနယ်ပယ်မှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တယ်လို့ ပြောရမှာပါ။

ဒေါက်တာ မိုဟစ်ရှာမား (အိန္ဒိယနိုင်ငံ ဒေလီမြို့လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီး)

ကျွန်တော်က အိန္ဒိယနိုင်ငံ ဒေလီမြို့ လက်ပိုင်းဆိုင်ရာနဲ့ ပြုပြင်အစားထိုးမှုဆိုင်ရာ ပါမောက္ခဌာနမှူး ဒေါက်တာ မိုဟစ်ရှာမား ဖြစ်ပါတယ်။ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနက ဒုတိယဗိုလ်မှူးကြီး ဟိန်းလတ်ဝင်း ဖိတ်ကြားမှုနဲ့ အကြိမ် (၃၀)မြောက် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲမှာတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ဘက်နဲ့အရပ်ဘက်ဆိုင်ရာ လူငယ်ဆရာဝန်တွေကို ပြုပြင်အစားထိုးခွဲစိတ်ပညာနဲ့သက်ဆိုင်တဲ့ ခွဲစိတ်ပညာရပ်တွေကို Silent Mentor လို့ခေါ်တဲ့ သက်မဲ့ခန္ဓာကိုအသုံးပြုပြီး လေ့ကျင့်သင်ကြားမှုကို လာရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး အလုပ်ရုံဆွေးနွေးပွဲတွေဟာ ခက်ခက်ခဲခဲ ဆောင်ရွက်ရလေ့ ရှိပါတယ်။ ယေဘုယျ အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှာပဲ ဆောင်ရွက်နိုင်ကြတာပါ။ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနအနေနဲ့ စစ်ဘက်၊ အရပ်ဘက်နဲ့ ပြည်တွင်း၊ ပြည်ပက ဆေးပညာရှင်တွေကိုစုစည်းပြီး ဒုတိယအကြိမ် နိုင်ငံတကာအဆင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့ရဲ့သမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ။ ဒီလို အရိုးရောဂါနယ်ပယ်က ဆေးပညာရှင်တွေရဲ့ စုပေါင်းစွမ်းအားနဲ့ နိုင်ငံတကာအဆင့်မီ ဂုဏ်သိက္ခာမြင့်မားတဲ့ ပထမဆုံးသော သက်မဲ့ခန္ဓာကိုအသုံးပြုတဲ့ လက်တွေ့လေ့ကျင့် သင်ကြားပေးတဲ့ အလုပ်ရုံဆွေးနွေးပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒေါက်တာ ရဲလင်းနိုင် ( ဆေးတက္ကသိုလ် (၁) ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသား)

အခုလို အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် တပ်မတော်အရိုးရောဂါပညာဌာနက ပါမောက္ခဌာနမှူးနဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ ဆေးပညာနှီးနှော ဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံခြားကလာရောက်သင်ကြားပေးတဲ့ ဆရာဝန်တွေအပြင် ဆေးတက္ကသိုလ်(၁)(၂)က ပါမောက္ခ လက်ခွဲစိတ်ဆရာဝန်ကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ်က လက်ခွဲစိတ်ပါရဂူများ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ ကိုယ်တိုင်လူနာကို ခွဲစိတ်နေရသလို သက်မဲ့ခန္ဓာကိုအသုံးပြုပြီး လက်တွေ့လေ့ကျင့် ခွဲစိတ်ရတဲ့အတွက် စာတွေ့၊ လက်တွေ့ပိုင်းဆိုင်ရာမှာ အကျိုးကျေးဇူးရရှိပါတယ်။ ဒီလိုအလုပ်ရုံ ဆွေးနွေးပွဲဖြစ်မြောက်ဖို့ဆိုရင် အဘက်ဘက်ကလိုအပ်ချက်ကို ဖြည့်စွမ်းနိုင်မှသာ အောင်မြင်တာပါ။

အထူးသဖြင့် သင်ထောက်ကူပစ္စည်းများနဲ့ ရုပ်ဝတ္ထုလိုအပ်လေ့ရှိတာကြောင့် ကျွန်တော်တို့လို ပါရဂူဘွဲ့လွန်သင်တန်းသားတွေအတွက် အင်မတန်လိုအပ်တဲ့ သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံခြားက သင်တန်းဆရာ၊ ပြည်တွင်းက ခွဲစိတ်ပါရဂူကြီးတွေလည်း ပါဝင်တဲ့အတွက် နိုင်ငံတကာအဆင့်မီသင်တန်းလို့ ပြောရမှာပါ။ စာတွေ့၊ လက်တွေ့နဲ့ အပြန်အလှန် ဆွေးနွေးနိုင်တဲ့အပြင် ဗီဒီယိုဖိုင်နဲ့ အသေးစိတ်သင်ကြားပေး တဲ့အတွက် ဆေးပညာပိုင်းဆိုင်ရာမှာ အကျိုးဖြစ်ထွန်းစေတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။ အခုလို တက်ရောက်သင်ကြားနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးတဲ့ တပ်မတော်ဆေးတက္ကသိုလ် အရိုးရောဂါပညာဌာနက ပါမောက္ခဌာနမှူးနဲ့ သင်ကြားပေးတဲ့ ပြည်တွင်း၊ ပြည်ပကပါမောက္ခ၊ ဌာနမှူးများ၊ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ယခုလို သင်ကြားလေ့ကျင့်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူ ပါတယ်။

တွေ့ဆုံမေးမြန်း - သစ္စာ (MNA)

ဓာတ်ပုံ- ဇွဲမာန်