နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သီရိလင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏အတွင်းဝန်က လာရောက်ဂါရဝပြုတွေ့ဆုံ


Ministry of Information/ Naypyitaw / July 26, 2024
image_latest


နေပြည်တော် ဇူလိုင် ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ သီရိလင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏အတွင်းဝန် General Kamal Gunaratne (Retd) က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သီရိလင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mrs. Ponnamperuma Arachchige Prabashini Ponnamperuma နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေးဆိုင်ရာများတွင် အတူတကွအပြန်အလှန် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား သင်တန်းသားများစေလွှတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးကျင်းပခဲ့မှုအခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် သီရိလင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။